- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီ ကောက်ယူနေ
"အကျဉ်းသားတွေရဲ့ အချက်အလက်တွေကို အကျဉ်းဦးစီးဝန်ထမ်းတွေက တစ်ဆင့် မေးမြန်းခဲ့တာတွေ့ရပြီး အကျဉ်းထောင်တစ်ခုနဲ့ တစ်ခုမှာ မေးမြန်းမှုတွေ မတူညီကြတာကို စီစစ်တွေ့ရှိရတယ်" ဟု PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
28 Oct 2024
DMG ၊ အောက်တိုဘာ ၂၈
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီ လက်အောက်တွင်ရှိသော အကျဉ်းထောင်များမှ အကျဉ်းသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် (PPNM) က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။
PPNM လေ့လာချက်အရ အကျဉ်းသားများ၏ အချက်အလက်ကို စက်တင်ဘာလမှစ၍ ကောက်ယူနေခြင်းဖြစ်ပြီး ထိုသို့ကောက်ယူရာမှာ အကျဉ်းသားများ၏ အဘအမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနှင့် အိမ်ထောင်ရှိ/မရှိကို အဓိက ကောက်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
"အကျဉ်းသားတွေရဲ့ အချက်အလက်တွေကို အကျဉ်းဦးစီးဝန်ထမ်းတွေက တစ်ဆင့် မေးမြန်းခဲ့တာတွေ့ရပြီး အကျဉ်းထောင်တစ်ခုနဲ့ တစ်ခုမှာ မေးမြန်းမှုတွေ မတူညီကြတာကို စီစစ်တွေ့ရှိရတယ်" ဟု PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူနေ၍ အကျဉ်းထောင်အတွင်းရှိ အကျဉ်းသားများမှာ မဲပေးခွင့်မရှိသော်လည်း မဲမသမာမှုများ ပြုလုပ်နိုင်သည့်အပြင် စစ်ရေးအရ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှုလုပ်နိုင်သဖြင့် စိုးရိမ်စရာဖြစ်ကြောင်း PPNM က ဆိုသည်။
ထိုသို့ စစ်ကောင်စီက အကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေခြင်း နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များက စိုးရိမ်မှုမြင့်တက်နေကြသည်။
"အခုလို့ ကိုယ်ရေးအချက်အလက်တွေ ကောက်ပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းမှာကို ကျမတို့ စိုးရိမ်တယ်" ဟု ရခိုင်က နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ မိသားစုဝင်တစ်ဦးက ပြောသည်။
အကျဉ်းသားများ အချက်အလက်ကို အချို့အကျဉ်းထောင်များတွင် ကောက်ယူမှုမရှိသေးသော်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသားအားလုံးကို ကောက်ယူမည်ဟု သိရကြောင်း PPNM ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းချိန်မှစ၍ နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း (၂၇,၅၈၄) ဦးရှိပြီး ယင်းထဲမှ (၂၁,၀၄၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၀) ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းအရသိရသည်။