ကယားပြည်နယ်တွင် ၁၁၀၇ စစ်ဆင်‌ရေး စတင်ကြောင်း KNDF ပူးပေါင်းအဖွဲ့ပြော

မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသဖြင့် နိုဝင်ဘာလ ၇  ရက်ကစပြီး ၁၁၀၇ စစ်ဆင်ရေးကို စတင်ခဲ့ရခြင်းဟု  ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ)က ထုတ်ပြန်ထားသည်။

By Admin 08 Nov 2023

မယ်စဲ့မြို့နယ် ပန်တိန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်မှုအတွင်း ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။  ဓာတ်ပုံ - KNDF
မယ်စဲ့မြို့နယ် ပန်တိန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီ တော်လှန်ရေးပူးပေါင်းအဖွဲ့က သိမ်းပိုက်မှုအတွင်း ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။  ဓာတ်ပုံ - KNDF

DMG ၊ နိုဝင်ဘာ ၈

ကယား(ကရင်နီ)ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ကရင်နီ ပူးပေါင်းတော်လှန်ရေးအဖွဲ့များက နိုဝင်ဘာလ ၇ ရက်နေ့တွင်  တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၁၀၇ စစ်ဆင်ရေး စတင်လိုက်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့က ကြေညာလိုက်သည်။

ကရင်နီ တော်လှန်ရေးအဖွဲ့များဖြစ်သည့် ကရင်နီ အမျိုးသားများတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF) နှင့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ) တို့မှ အင်အား ၃၀၀ ကျော်သည် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာရှိ စစ်ကောင်င်စီ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။ 

KNDF ပူးပေါင်းအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “စစ်စခန်းနှစ်ခု ပြန်သိမ်းတဲ့သဘော ပြောလို့ရပါတယ်။ အရင် ပထမသိမ်းတော့ စစ်ကောင်စီတပ်ဘက်က တပ်ပြန်စွဲထားတာကို ထပ်ပြီးသိမ်းလိုက်တာ။ အနားက နယ်ခြာ စောင့် စခန်းတွေကိုပါ ထပ်သိမ်းဖို့ရှိတယ်။ စစ်ရေးသတင်းတွေကို ထပ်ပြီး ထုတ်ပြန်ပေးသွားမှာပါ” ဟု ပြောသည်။

မြောက်ပိုင်း မဟာမိတ်ညီနောင် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသဖြင့် နိုဝင်ဘာလ ၇  ရက်ကစပြီး ၁၁၀၇ စစ်ဆင်ရေးကို စတင်ခဲ့ရခြင်းဟု  ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF - ကလလတ)က ထုတ်ပြန်ထားသည်။

“အခုစစ်ဆင်ရေးက ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံတဲ့အနေနဲ့ ၁၁၀၇ စစ်ဆင်‌ရေးကို စတင်လိုက်တာ ဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးနဲ့ ၁၁၀၇ စစ်ဆင်ရေးကို ဟန်ချက်ညီညီ ချိတ်ဆက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်သွားမှာဖြစ်တယ်” ဟု KNPLF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ 
 
အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်မှ ၂၄ ရက်နေ့ အတွင်းကလည်း မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း (၅) ခုနှင့် မြို့နယ်ရဲစခန်းကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲကြောင့် ဒေသခံ ၃၀,၀၀၀ နီးပါးမှာ ထိုင်း-မြန်မာနယ်စပ်နှင့် ဒီးမော့ဆို မြို့နယ်များနှင့် တောတောင်များထဲတွင် တိမ်းရှောင်နေကြကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူများထံမှ သိရသည်။

#D013 #DMG