- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရန်ကုန်-သံတွဲ အဝေးပြေးယာဉ်ပေါ် မူးလဲသေဆုံးခဲ့သည့် ကိုဗစ်ပိုးတွေ့လူနာနှင့် ကားအတူစီးလာသူများထဲမှ ၂ ဦးတွင် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိ
ရန်ကုန်-သံတွဲ အဝေးပြေးယာဉ်ပေါ်တွင် မူးလဲပြီးနောက် သေဆုံးသွားခဲ့သူတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရသဖြင့် ၎င်းနှင့်အတူ ယာဉ်စီးနင်းလိုက်ပါလာသူ ၃၂ ဦးအား ကိုဗစ်ဆက်လက်စစ်ဆေးခဲ့ရာ၌ ခရီးသည် ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
12 Jul 2021
DMG ၊ ဇူလိုင် ၁၂
ရန်ကုန်-သံတွဲ အဝေးပြေးယာဉ်ပေါ်တွင် မူးလဲပြီးနောက် သေဆုံးသွားခဲ့သူတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိရသဖြင့် ၎င်းနှင့်အတူ ယာဉ်စီးနင်းလိုက်ပါလာသူ ၃၂ ဦးအား ကိုဗစ်ဆက်လက်စစ်ဆေးခဲ့ရာ၌ ခရီးသည် ၂ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့က ရန်ကုန်မှ သံတွဲမြို့သို့ ထွက်ခွာလာသည့်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့်ခရီးသည်တစ်ဦးမှာ ဂွမြို့နယ်နှင့် ၂၆ မိုင်ခန့်ဝေးသည့် ဗေဒါစစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံပြီးကားပေါ်ပြန်အတက်တွင် သတိမေ့လဲကျသွားခဲ့ကာ ဂွဆေးရုံသို့မရောက်မှီ ကားပေါ်တွင် အသက်ဆုံးရှုံးခဲ့သည်။
ယင်းသို့သေဆုံးသွားသူအား စစ်ဆေးရာ၌ ကိုဗစ်ပိုးတွေ့ရှိရသဖြင့် ၎င်းစီးနင်းလာသည့်ယာဉ်မှ ယာဉ်မောင်းအပါအဝင် ခရီးသည် စုစုပေါင်း ၃၂ ဦးတို့အား ကိုဗစ်ပိုးထပ်မံစစ်ဆေးခဲ့ရာ ခရီးသည် ၂ ဦးတွင် ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာ ရဲဝင်းထွန်းက ပြောသည်။
"အဲဒီအထဲက အမျိုးသားနှစ်ဦးမှာ ပိုးထပ်တွေ့တယ်။ တွေ့တဲ့ လူကိုသီးခြားခွဲပြီးထားတယ်။ ကျန်တဲ့လူတွေကိုလဲ ကွာရတင်းထားထားတယ်။ ကားကိုတော့ ပိုးသတ်ဆေးဖြန်းပြီး ပြန်လွှတ်ပေးလိုက်တယ်" ဟု ၎င်းကဆိုသည်။
သံတွဲမြို့နယ်အတွင်း ဇူလိုင်လ ၁၁ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၃ ဦး တစ်ရက်တည်းတွင် သေဆုံးခဲ့ပြီး လက်ရှိတွင် အောက်ဆီဂျင်ပေးကုသနေရသည့် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ရှိကြောင်းသိရသည်။
သေဆုံးသူ ၃ ဦးမှာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ မောဟိုက်၍ဆေးရုံပြရန် ရောက်ရှိလာပြီး ၂ နာရီခန့်အကြာတွင် သေဆုံးသွားခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ အရေးပေါ်အောက်စီဂျင်ပေးကုသနေသည့် ကိုဗစ်အတည်ပြုလူနာများဖြစ်ကြောင်း ကိုဗစ်ကာကွယ်ရေးလုပ်ဆောင်ရာတွင် ပါဝင်လုပ်ဆောင်နေသည့် ဆရာတော် ဦးတေဇိန္ဒက မိန့်ကြားသည်။
"ဟုတ်ပါတယ် မနေ့ကတစ်ရက်တည်းမှာ ၃ ဦးသေတယ်။ တစ်ဦးက အဲဒီနေ့ကချက်ချင်းရောက်လာတဲ့ အမျိုးသမီးတစ်ဦး။ နောက်နှစ်ဦးကတော့ အောက်စီဂျင်ပေးကုသခံနေသူ နှစ်ဦး ဖြစ်တယ်" ဟု ဆရာတော်က မိန့်သည်။
သံတွဲမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာနှင့် သေဆုံးသူဦးရေ တစ်ဖြည်းဖြည်း တိုးလာနေသဖြင့် ယခုထက်အခြေအနေဆိုးလာမည်ကို စိုးရိမ်ကြောင်း သံတွဲမြို့ ဖြူစင်သောတွဲလက် အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ မဆောင်းနှင်းဝေက ပြောသည်။
"အစိုးရအနေနှင့် တိတိကျကျ အရေးယူဆောင်ရွက်မယ့် ထုတ်ပြန်တာတွေ မတွေ့ရသလို ပြည်သူတွေအနေနဲ့လဲ ကြိုတင်ကာကွယ်မှု လုပ်ဆောင်တာတွေကို မတွေ့ရဘူး။ ပုံမှန်သွားလာ နေတာကိုဘဲ မြင်နေရတယ်။ အခုဆိုခရီးသယ်တင်ကားတွေမှာလဲ တွေ့လာပြီဆိုတော့ ပထမအကြိမ် ဒုတိယအကြိမ်ကလို ကားတွေ ပိတ်တာတွေလုပ်သင့်နေပြီ" ဟု ၎င်း၏အမြင်ကိုပြောသည်။
ရခိုင်ပြည်အတွင်းတွင် ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၈၅၃ ဦးအထိရှိလာပြီ သေဆုံးသူ ၁၃ ဦးအထိရှိလာကြောင်း သိရသည်။