သံတွဲတွင် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး သေဆုံး

သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ နှစ် ဦး ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့က သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ်မှ အတည်ပြုပြောကြားသည်။

11 Jul 2021

DMG ၊ ဇူလိုင် ၁၁

သံတွဲမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ နှစ် ဦး ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့က သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သံတွဲခရိုင်ဆေးရုံအုပ်မှ အတည်ပြုပြောကြားသည်။

ယင်းသေဆုံးသူ  နှစ်ဦးမှာ သံတွဲ ဆေးရုံးအတွင်း အထူးကြပ်မတ်ကုသနေသူ အမျိုးသားတစ်ဦးနှင့် အမောဖောက်ကာ ဆေးရုံလာပြသည့် အမျိုးသမီးတို့ဖြစ်ကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာ ရဲဝင်းထွန်းက အတည်ပြုပြောသည်။

"ဒီနေ့ မနက်က မောလို့ဆိုပြီး ဆေးရုံးသို့ရောက်လာတယ်။ ဆေးရုံသို့ရောက်တော့ ကိုယ်တွင်အောင်ဆီဂျင်က နည်းနေပြီး ကျနော်တို့လည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မရခဲ့ဘူး။ ပြီးတော့ လူနာက ဆီချိုနှင့် သွေးတိုးရောဂါရှိနေတဲ့ပုံပဲ အရင်ကပင် ဆေးကုသခံနေသူတော့ မဟုတ်ဘူး။ အခုမှ ရောက်လာပြီးဖြစ်တာ။ နောက်တစ်ယောက်ကတော့ တောင်ကုတ်က အထူးကြပ်မတ်ကုသနေရသူ တစ်ယောက်ဖြစ်တယ်။ သူက ဆေးရုံကို ရောက်တာ ၂ ရက်လောက်ရှိပြီ။ လာကတည်းကပင် အောက်စီဂျင်ပေး ကုသနေရတယ်” ဟု ပြောသည်။

အလားတူ  ကျောက်ဖြူပြည်သူ့ဆေးရုံးတွင် ကိုဗစ်လူနာတစ်ဦး အမျိုးသားတစ်ဦးမှာလည်း သေဆုံးမှုဖြစ်ပွားခဲ့ပြီး ယင်းသေဆုံးသူတွင် သွေးတိုးနှင့် ဆီချိုရောဂါ အခံရှိကြောင်း သိရသည်။

လက်ရှိတွင် သံတွဲဆေးရုံနှင့် ငပလီဆေးရုံအတွင်း ဆေးကုသခံနေသည့် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၁ ဦးရှိပြီး အောက်ဆီဂျင်ပေးကာ အထူးကုသပေးနေရသူ ၆ ဦးရှိကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

အောက်ဆီဂျင်မှာယူရေးအပိုင်းတွင် အခက်အခဲရှိနေကာ အောက်ဆီဂျင် ပြတ်လပ်မှုဖြစ်မှာကိုလည်း စိုးရိမ်နေရသည်ဟု  သံတွဲမြို့နယ် ငပလီအတွင်း ကိုဗစ်ကြိုတင်ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် ငပလီဒေသခံ ကိုသက်လွင်ဖြိုးက ပြောသည်။

"ကျနော်တို့ ငပလီဆေးရုံမှာ ပိုးတွေ့လူနာ စုစုပေါင်း ၅၀ ကျော်ရှိတယ်။ အဲဒီထဲက တစ်ယောက်ကို အခု အောက်စီဂျင် ပေးထားရတယ်။ အခု အောက်စီဂျင် ၄၀ အိုး တစ်လုံးကို သုံးသိန်းပေးရတယ်။ အဲဒါတောင် ဝယ်ယူလို့ မရဘူး။ အောက်စီဂျင်က အစိုးရအနေနှင့် လုပ်ဆောင်နေသော်လည်း အသုံးပြုတာများတော့ မလုံလောက်ဘူး။ ပြတ်သွားမှာကိုလည်း စိုးရိမ်နေရတယ်" ဟု ပြောသည်။

သံတွဲခရိုင်ဆေးရုံတစ်ခုတည်းတွင် အောက်စီဂျင် အသုံးပြုရနှုန်း တစ်နေ့ကို အလုံးရေ ၂၀ အထိ အသုံးပြုရပြီး ယခင်က အောက်စီဂျင် ဝယ်ယူ၍မရခြင်းကြောင့် အသက်ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ခဲ့ရခြင်းကြောင့် သံတွဲခရိုင်အတွင်းမှ အောက်စီဂျင် ထုတ်စက်ရုံ တည်ဆောက်ရေးအတွက် အများပြည်သူအား အလှူငွေဖြင့် ကြိုးပမ်းဆောင်ရွက်ကာ ဆောက်လုပ်ရန် ပြင်ဆင်လျှက်ရှိနေသည်။

ယင်းအောက်စီဂျင်ထုတ် စက်ဝယ်ယူရေးအတွက် ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၁၅၀၀ ရှိကြောင်း ဦးဆောင်သူများထံမှ သိရသည်။

ရခိုင်ပြည်တွင်း တတိယကိုဗစ်လှိုင်းအတွင်း မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၁၀ ရက်နေ့ထိ ကိုဗစ်ကူးစက်ခံရသူ ရ၉၃ ဦးရှိပြီး  ယနေ့ နံနက်ပိုင်းထိ သေဆုံးသူမှာ ၁၂ ဦးထိရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။