လေကြောင်းပစ်ခတ်မှုကြောင့် မောင်တောဒေသခံ ၅ ဦး ထိခိုက် သေဆုံး

မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများနေထိုင်ရာကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုများ ရှိနေသည်။ 

By Admin 08 Oct 2024

ကျည်စထိမှန်ပြီး ဒဏ်ရရှိသွားသည့် မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာမှ အမျိုးသမီးတစ်ဦး။
ကျည်စထိမှန်ပြီး ဒဏ်ရရှိသွားသည့် မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာမှ အမျိုးသမီးတစ်ဦး။

DMG ၊ အောက်တိုဘာ ၈ 

ရခိုင်ပြည်၊ ‌မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
 
အောက်တိုဘာ ၇ ရက် ညနေ ၄ နာရီနောက်ပိုင်း လေကြောင်းဗုံးကြဲမှုကြောင့် မောင်ထွန်းဝင်း (၁၈) နှစ်၊ မောင်အောင်အောင်စိုး (၁၉) နှစ် သေဆုံးပြီး၊ မောင်စိုးဝင်းမောင် (၁၆) နှစ်၊ ဒေါ်မကျော့နု (၄၀) နှစ်၊ မအေးဌေး (၂၄) နှစ် တို့ ဒဏ်ရာရရှိခဲ့သည်။

“စာသင်ကျောင်းကိုကြဲတာ။ အနီးမှာ ဆိုင်ကယ်နဲ့သွားနေတဲ့ နှစ်ယောက်က ပွဲချင်းပြီးသေသွားတယ်။ နောက်သုံးယောက်ကတော့ ကျည်စထိပြီး ဒဏ်ရသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်စထိမှန်မှုကြောင့် မောင်စိုးဝင်းမောင်မှာ ဘယ်ဖက်ခြေထောက်နှင့် ကျန်အမျိုးသမီးနှစ်ဦးမှာ လည်ပင်း၊ လက်မောင်းနှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရရှိပြီး နီးစပ်ရာ၌ ဆေးကုမှုခံယူလျက်ရှိသည်။ 

မောင်တောမြို့နယ်တွင် စစ်ကောင်စီက အရပ်သားများနေထိုင်ရာကို လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေပြီး အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ်အဆောက်အအုံ မီးလောင်ပျက်စီးမှုများ ရှိနေသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မောင်တောမြို့ကို Y - 12  လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမှတ် (၂) ရက်ကွက်မှ နေအိမ် ၃၀ ခန့် မီးလောင်ပျက်စီးသွားခဲ့သည်။ 

“တိုက်ပွဲကလည်း ဖြစ်နေသေးတော့ စစ်ကောင်စီက လေကြောင်းကနေ နေ့တိုင်းလာပြီးပစ်တယ်။ တစ်ခါတစ်လေ တစ်ရက်မှာ သုံးလေးကြိမ်အထိ လာပစ်တယ်။ ဒါကြောင့်လည်း သေဆုံးဒဏ်ရာရသူတွေ နေ့တိုင်းလိုလိုရှိနေတာ” ဟု မောင်တောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

မောင်တောမြို့တွင် စစ်ကောင်စီ၏ တစ်ခုတည်းကျန်ရှိနေသော နခခ (၅) စခန်းကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ် ‌တော် ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေသဖြင့် တိုက်ပွဲနေ့စဉ်ပြင်းထန်လျက်ရှိသည်။