- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ရေကြည် အမြောက်တပ်အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေ
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
15 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၁၅
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ရင်းအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာ အမတ (၃၄၄)နှင့် ၄ မိုင်ကျော်ခန့်အကွာ စာဥစမ်းကျေးရွာအနီးက စစ်ကောင်စီ ခံတပ်စခန်းများကို AA က ထိုးစစ်ဆင်နေ၍ ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်)၊ နံနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေသည်။
“ ဒီနေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ AA ရဲ့ ထိုးစစ်က အမတ (၃၄၄) ဖက်ကို ဦးတည်လာနေတာဖြစ်တယ်။ စစ်ကောင်စီဖက်ကလည်း ခံစစ်အတွက် အင်အားဖြည့်တင်းနေတယ် ” ဟု စစ်ရေးအခြေအနေသိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စာဥစမ်းကျေးရွာအနီးတွင် ရှိသည့် စစ်ကောင်စီ တပ်စခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၂ ရက်မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ အမတ (၃၄၄) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူအပြင် စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေပြီး ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆)တပ်ရင်းကလည်း လက်နက်ကြီး၊ မြေပြင်စစ်ကူကားဖြင့် ပို့နေကြောင်း သိရသည်။
အမတ (၃၄၄) တပ်ရင်းသည် ဂွ- ငါးသိုင်းချောင်းလမ်း၊ ငါးသိုင်းချောင်းမြို့နှင့် ၁၅ မိုင်ကျော်အကွာတွင် အခြေစိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုဝင်များကို ဇန်နဝါရီလကတည်းက ပုသိမ်မြို့သို့ ရွှေ့ပြောင်းထားကြောင်း သိရသည်။
AA ၏ ဧရာဝတီတိုင်း ထိုးစစ်တိုက်ပွဲများမှာ ငါးသိုင်းချောင်းမြို့အနီးအထိ ရောက်ရှိလာ၍ မြို့ခံအချို့မှာ ရေကြည်နှင့် အခြားနေရာများသို့ စစ်ဘေးတိမ်းရှောင်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
“ တိုက်ပွဲက မြို့နဲ့ ၁၅ မိုင် ဝန်းကျင်လောက်ပဲ ရှိတော့တယ်။ ပစ်ခတ်သံတွေကတော့ အကျယ်ကြီး ကြားလာရတာကြောင့် မြို့ခံတွေက စိုးရိမ်မှုရှိကြတယ်။ အမတ(၃၄၄) တပ်ရင်းကိုသာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် ငါးသိုင်းချောင်းမြို့က သိမ်းစရာတောင် မလိုဘဲ ကျသွားမှာ ” ဟု ငါးသိုင်းချောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီတိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှ စကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရေကြည်၊ သာပေါင်းနှင့် ပုသိမ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် ဧရာဝတီတိုင်းက စစ်ရေးအရ အရေးပါသည့် ဗေဒါစစ်ဆေးရေးဂိတ်၊ မကျီးဇင်ကျေးရွာ၊ ဘောမိကျေးရွာနှင့် ကျားခေါင်းကျေးရွာရှိ ခံတပ်စခန်းများကို သိမ်းပိုက်ထားသည်။