ထွေအုပ်ဝန်ထမ်းများ စစ်တွေမြို့သို့ လာရောက်ကြရန် စစ်ကောင်စီ ဖိအားပေးနေ
စစ်ကောင်စီသည် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ မြို့နယ်ရှိ ဝန်ထမ်းမှလွဲ၍ အခြားမြို့နယ်များမှ ထွေအုပ်ဝန်ထမ်းအားလုံးကို စစ်တွေမြို့သို့ လာရောက်ရန် အကြောင်းကြား ခေါ်ဆောင်နေသည်။
24 Aug 2024
DMG ၊ ဩဂုတ် ၂၄
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများမှ ထွေအုပ်ဝန်ထမ်းများကို စစ်တွေမြို့သို့ လာရောက် တာဝန်ထမ်းဆောင်ကြရန် စစ်ကောင်စီ ဖိအားပေးခေါ်ဆောင်နေကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသော မြို့နယ်များအပါအဝင် တိုက်ပွဲဖြစ်ပွားနေသည့် မြို့နယ်များရှိ ထွေအုပ်ဝန်ထမ်းများကို ဖေဖော်ဝါရီလမှစ၍ ခေါ်ယူနေပြီး ယခုလတွင် ပို၍ဖိအားပေး ခေါ်ဆောင်လာသည်။
“သူတို့ရဲ့အုပ်ချုပ်ရေးမလည်ပတ်တော့တဲ့ မြို့နယ်တွေက ထွေ/အုပ်ဝန်ထမ်းတွေအနေနဲ့ စစ်တွေကို တွဲဖက်ရာထူးနဲ့ လာနေလို့ရတယ်။ အဲလိုမျိုး စာထုတ်ထားတာက ကြာပါပြီ။ ဒါပေမဲ့ အခုက လုံးဝ အမိန့်ပေးတဲ့ ပုံစံမျိုးနဲ့ စစ်တွေကို မလာမနေရ၊ မလာရင် လစာမရတာမျိုး၊ အလုပ်က ရပ်စဲတာမျိုးဆိုပြီး အဲလို ဖိအားပေးလာတယ်” ဟု စစ်ဘေးရှောင် ထွေအုပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိ တိုက်ပွဲကာလအတွင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မင်းပြား၊ ရမ်းဗြဲမြို့နယ်နှင့် သံတွဲမြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ မောင်တောနှင့် သံတွဲမြို့ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်မည့် အနေအထားဖြစ်သည်။
ယင်းအပြင် အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်နေပြီး စစ်တွေနှင့် ကျောက်ဖြူ မြို့နယ်တို့တွင်လည်း နှစ်ဘက်စစ်ရေး တင်းမာနေသည်။
စစ်ကောင်စီသည် ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ မြို့နယ်ရှိ ဝန်ထမ်းမှလွဲ၍ အခြားမြို့နယ်များမှ ထွေအုပ်ဝန်ထမ်းအားလုံးကို စစ်တွေမြို့သို့ လာရောက်ရန် အကြောင်းကြား ခေါ်ဆောင်နေခြင်းဖြစ်သည်။
သို့သော်လည်း ဝန်ထမ်းအများစုမှာ စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့ကာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် စစ်တွေသို့ သွားရောက်ရန် ဆန္ဒမရှိကြောင်း ပြောကြသည်။
“လစာ တစ်ပဲခြောက်ပြားနဲ့ ကိုယ့်မိသားစုကိုစွန့်ပြီး အသက်အန္တရာယ်ကြားထဲကို ဘယ်သူက သွားလိုမှာလဲ။ သူတို့ (စစ်ကောင်စီ)တောင် စစ်တွေကို ဘယ်နေ့လက်လွှတ်ရမလဲ မသိတဲ့ အခြေအနေမှာ ဘာသွားလုပ်ရမှာလဲ” ဟု ထွေအုပ်ဝန်ထမ်း နောက်တစ်ဦးက ပြောသည်။
တာဝန်ထမ်းဆောင်ရန် မရောက်သည့် ဝန်ထမ်းများကို အလုပ်တာဝန်ပျက်ကွက်သည် ဟုဆိုကာ အရေးယူမည်ဟု ရခိုင်ပြည်နယ် စစ်ကောင်စီက ဇူလိုင် ၂၅ ရက်တွင် အမိန့်စာ ထုတ်ပြန်ထားသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် စစ်ကောင်စီအတွက် အရေးပါသည့် အခန်းကဏ္ဍတွင်ရှိသဖြင့် ထွေအုပ်ဝန်ထမ်းများကို ခေါ်ဆောင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ရဲအငြိမ်းစားတစ်ဦးက သုံးသပ်သည်။
“မြို့တစ်မြို့မှာ စစ်တပ်ပြီးရင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပါဝါအရှိဆုံးဖြစ်တယ်။ စစ်တပ်အတွက် ဒီဌာနရဲ့ စာရင်းအချက်အလက်တွေကအစ အရေးပါတယ်။ အဲဒီဌာနမှာ ခရိုင်မှူး၊ မြိုနယ်မှူးတို့ ဆိုတာကလည်း စစ်တပ်ကလာတာတွေ များတယ်။ ဒါကြောင့် တခြားဌာနတွေထက် ထွေအုပ်ဟာ စစ်တပ်အတွက် ပိုပြီးအရေးပါတယ်။ ဒါကြောင့် အခုလို သူတို့အနီးကို ခေါ်ယူတာလို့ ယူဆတယ်” ဟု ပြောသည်။
အုပ်ချုပ်ရေးယန္တရားတွင် အဓိကကျသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ယခင်က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ရှိပြီး NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်သို့ ပြောင်းရွှေ့လိုက်သော်လည်း အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ အဓိကဌာနတစ်ခု ပြန်ဖြစ်လာခဲ့သည်။