ရခိုင်တွင် တစ်ရက်အတွင်း သံဃာနှစ်ပါးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၁၃ ဦးသေဆုံး၊ စုစုပေါင်းသေဆုံး ကိုဗစ်လူနာ ၅၄ ဦးအထိရှိလာ

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း ရခိုင်ပြည်နယ်တွင် သေဆုံးသူဦးရေထက် ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေက ပိုမိုများပြားလာနေပြီး ဇူလိုင် ၁၉ ရက်နေ့ တစ်ရက်အတွင်း သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီစာရင်းအရ သိရသည်။

20 Jul 2021

DMG ၊ ဇူလိုင် ၂၀

COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း ရခိုင်ပြည်နယ်တွင် သေဆုံးသူဦးရေထက် ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေက ပိုမိုများပြားလာနေပြီး ဇူလိုင် ၁၉ ရက်နေ့ တစ်ရက်အတွင်း သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီစာရင်းအရ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းတွင် သေဆုံးခဲ့သည့် ကိုဗစ်အတည်ပြုလူနာများမှာ စစ်တွေမြို့တွင် အာကျိပ်တော်ကုန်းအနီး ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ ဆရာတော်တစ်ပါးနှင့် ဝါဘိုဆရာတော်အပါအဝင် (၄)ဦး၊ ကျောက်ဖြူတွင် (၂)ဦး၊ တောင်ကုတ်တွင် (၃)ဦး၊ သံတွဲတွင် (၁)ဦး၊ ပေါက်တောတွင် (၁)ဦး၊ ကျောက်တော်တွင် (၁)ဦးနှင့် မာန်အောင်တွင် (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “ကျနော်ဆီကိုတော့ မနေ့က ညနေ့ ၅ နာရီအထိ ၄၇ ဦးထိဘဲ စာရင်းရောက်သေးတယ်။ ကျနော်ဆီကိုတော့ မနေ့ကသေဆုံးသူ ၆ ဦးဘဲ စာရင်းတက်သေးတယ်။ မနေ့က ညနေ့ ၅ နာရီနောက်ပိုင် းသေတဲ့စာရင်းတွေတော့ ကျနော်ဆီမရောက်သေးဘူး” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၇ ခုလုံးတွင် ကိုဗစ်အတည်ပြုလူနာ အနည်းနှင့်အများရှိနေကြပြီး ဇူလိုင် ၁၉ ရက်အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၁၁)ဦး၊ ပေါက်တော(၁)ဦး၊ ကျောက်တော်(၁)ဦး၊ မြောက်ဦးတွင် (၁)ဦး၊ ကျောက်ဖြူတွင် (၅)ဦး၊ သံတွဲတွင် (၈)ဦး၊ တောင်ကုတ်တွင် (၁၈)ဦး၊ ဂွတွင် (၁)ဦး၊ မာန်အောင်(၁)ဦး၊ မောင်တောတွင်(၆)ဦးနှင့် ရသေ့တောင်တွင် (၁)ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ Stay at Home သတ်မှတ်မြို့နယ်များက ရခိုင်ပြည်နယ်သို့လာရောက်မည့်သူများကို Quarantine ထားရှိမည့် နေရာများအား စီစဉ်ထားပြီး လူစု၊ လူဝေးဖြင့် လမ်းဘေးတွင် အရက်သေစာသောက်စားသူများကို ရဲအက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း ပြည်နယ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ပြောသည်။

“ကျနော်တို့အနေနဲ့ သတ်မှတ်ထားတဲ့နေရာတွေက လာတဲ့သူတွေကို Quarantaine ထားသွားမယ်။ နောက်ပြီးတော့ လမ်းတွေမှာသွားရင် mask မတပ်တဲ့သူတွေကို mask ပေးပြီးတော့ ဒဏ်ငွေရိုက်တာတွေရှိတယ်။ နောက်ပြီး လူစု၊ လူဝေးလုပ်ပြီးတော့ လမ်းဘေးတွေမှာ အရက်သောက်တဲ့သူတွေကို ရဲအက်ဥပဒေနဲ့ အရေးယူတာတွေလုပ်ဆောင်နေပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့အထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ ၁၅၄၂ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၆၆၂ ဦးနှင့် သေဆုံးသူ ၅၄ ဦးအထိ ရှိလာနေပြီဖြစ်သည်။