- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၉၃ ဦးအထိရှိလာ၊ တောင်ကုတ်တစ်မြို့နယ်ထဲမှ သေဆုံးသူ ၃၁ ဦးရှိ
COVID-19 တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးကူးစက်ခံရပြီးနောက် သေဆုံးသူဦးရေမှာ ဇူလိုင် ၂၃ ရက်နေ့ အထိ ၉၃ ဦးရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏စာရင်းများအရ သိရှိရသည်။
24 Jul 2021
DMG ၊ ဇူလိုင် ၂၄
COVID-19 တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးကူးစက်ခံရပြီးနောက် သေဆုံးသူဦးရေမှာ ဇူလိုင် ၂၃ ရက်နေ့ အထိ ၉၃ ဦးရှိလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏စာရင်းများအရ သိရှိရသည်။
ထိုသို့ တစ်ပြည်နယ်လုံးအတိုင်းအတာအရ သေဆုံးသူ ၉၃ ဦး ရှိသည့်အနက် တောင်ကုတ်တစ်မြို့နယ်ထဲမှာ သေဆုံးသူ ၃၁ ဦး နှင့် အများဆုံးဖြစ်ကြောင်းလည်း သိရသည်။
တောင်ကုတ်လူငယ်ကွန်ယက်မှ အကြံပေးအရာရှိ မစုရတနာလှိုင်က "တောင်ကုတ်မှာ သေဆုံးသူများပြားလာတာက မိမိသဘောနဲ့ မိမိဆေးရုံမတက်ဘဲ အိမ်မှာကုသပြီး အောက်ဆီဂျင်ကျမှုကြောင့် သေဆုံးသွားတာကများနေတယ်။ စစ်ကောင်စီကလဲ တောင်ကုတ်မှာ အောက်ဆီဂျင်မပြတ်အောင် လုပ်ဆောင်ပေးနေတယ်လို့ ပြောနေပေမယ့် အောက်ဆီဂျင်က ပြောသလောက်မရှိဘူး။ လူမှုအဖွဲ့အစည်းတွေက လုပ်နေတာများနေကြတယ်" ဟု သူကပြောဆိုသည်။
ယခုအခါ တောင်ကုတ်မြို့နယ်အတွင်း ဈေးဆိုင်ခန်းများကို မိမိ သဘောဖြင့်ပိတ်သိမ်းထားကြပြီး လမ်းပေါ်တွင်လည်း လူအသွား အလာနည်းပါးလျက်ရှိသည်ကိုတွေ့ရကြောင်း တောင်ကုတ်မြို့ လူမှုကူညီရေးအသင်းတွင်လုပ်ကိုင်နေသူ ကိုနေလင်းအောင်က ပြောသည်။
"တောင်ကုတ်ကတော့ တဖြည်းဖြည်းစည်းကမ်းတော့ရှိလာပြီ။ အခုဆိုင်တွေဆို အကုန်ပိတ်ကြတယ်။ အပြင်ကိုထွက်သူတွေလဲ နည်းလာတာကိုတွေ့လာရတယ်။ လက်လုပ်လက်စား တချို့သာ အလုပ်လုပ်ကိုင်နေရတယ်" ဟု ဆိုသည်။
ရခိုင်တစ်ပြည်လုံးတွင် မေလ ၁၂ ရက်နေ့မှ ဇူလိုင် ၂၃ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၂၀၂၇ ဦးအထိရှိပြီး ဇူလိုင် ၂၃ ရက်တစ်နေ့တည်းတွင် ကိုဗစ်လူနာ ၁၀၁ ဦး ထပ်တိုးလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၁၀ ဦးအထိရှိနေသည့် သံတွဲ မြို့နယ်တွင် ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ယခုထက် တင်းကျပ်စွာလုပ်ဆောင်ရန်လိုအပ်နေသည်ဟု အမည်မဖော်လိုသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။
"အစိုးရက တင်းတင်းကျပ်ကျပ်စီမံတာ တစ်စုံတစ်ရာမတွေ့ရဘူး။ အခုလိုသေဆုံးမှုတွေရှိလာနေပေမဲ့ အရက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ လူစည်စည်ကားကားနဲ့ စားသောက်နေထိုင်တုန်းရှိသေးတယ်"ဟု ၎င်းကပြောသည်။
ကိုဗစ်ရောဂါထိန်းချုပ်ရန်အတွက် သံတွဲမြို့မဈေးကိုပိတ်သိမ်းပြီး ဆံတော်ဘောလုံးကွင်းတွင် ယာယီဈေးအဖြစ်ချပေးထားသော်လည်း ယခုအခါ ယာယီဈေးတွင်လည်း လူစုလူဝေးဖြစ်လာနေသည်ဟု သံတွဲမြို့ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွင် လုပ်ဆောင်နေသည့် ဆရာတော်ဦးတေဇိန္ဒက မိန့်သည်။
"စည်ပင်သာယာရေးဈေးကိုပိတ်ပြီး ဆံတော်ဘောလုံးကွင်းမှာ အသားဈေး၊ ဟင်းသီးဟင်းရွက်ဈေးပေါင်းပြီးတော့ချလိုက်တော့ လူဦးရေက အရမ်းထူထပ်နေတယ်။ ဆိုတော့ ပိုးဖြန့်ဖြူးတဲ့နေရာ တစ်ခုလိုဖြစ်နေတယ်။ အဲဒါကြောင့် အသားဈေးနဲ့ ဟင်းသီးဟင်းရွက်ဈေးကို သီးသန့်ခွဲထုတ်ဖို့လိုလာနေတယ်" ဟု ဆရာတော်က မိန့်သည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်လူနာများအတွက်လိုအပ်နေသည့် အောက်ဆီဂျင်ကို အပြည့်အဝရရှိနိုင်ရန်အတွက် မြို့နယ်တိုင်းတွင် အောက်ဆီဂျင်ထုတ်စက်ရုံများတည်ဆောက်ရန် အလှူငွေများ ကောက်ခံလျက်ရှိကြသည်။
လက်ရှိတွင် မြောက်ဦးမြို့နယ်မှ အောက်ဆီဂျင်ထုတ်စက်ရုံတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင်များကို လိုအပ်နေသည့် မြို့နယ်များသို့ ဖြန့်ဝေပေးလျက်ရှိနေပြီလည်းဖြစ်သည်။
ရခိုင်ပြည်အတွင်း ကိုဗစ်ကူးစက်မှုဆက်လက်မပြန့်ပွားစေရန်အတွက် မိမိနေအိမ်တွင်နေထိုင်ကြရန် (Stay at Home) ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ ရက်သတ္တပတ် ၂ ပတ်ခန့်သတ်မှတ်ကြောင်း ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ထုတ်ပြန်ထားပြီး မလိုက်နာသူများကို ကိုဗစ်စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။