ရခိုင်တွင် စပါးဈေးကွက် ဖန်တီးပေးရန် တောင်သူများ လိုလားနေ 

ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် တောင်သူများမှာ ပြီးခဲ့သည့်နှစ်က ရိတ်သိမ်းသိုလှောင်ထားသော စပါးများမှာ ပြည်မနှင့် ပြည်ပသို့ တင်ပို့ခွင့်မရဘဲ ယခုအချိန်ထိ တင်ကျန်နေသေးသည်။

By Admin 03 Oct 2024

မိုခါမုန်တိုင်းကြောင့် စိုစွတ်သွားသည့် စပါးများအား နေလှန်းနေသော ရခိုင်လယ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက်နေ့က တွေ့ရစဉ်။
မိုခါမုန်တိုင်းကြောင့် စိုစွတ်သွားသည့် စပါးများအား နေလှန်းနေသော ရခိုင်လယ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ်၊ မေ ၁၉ ရက်နေ့က တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၃ 

ရခိုင်ဒေသအတွင်း ဆန်၊ စပါး အရောင်းအဝယ် ပြုလုပ်နိုင်ရေး ရက္ခပြည်သူ့အစိုးရအနေဖြင့် စပါးဈေးကွက်တစ်ခု ဖန်တီးပေးရန် တောင်သူများက လိုလားနေကြသည်။ 

တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားသဖြင့် တောင်သူများမှာ ပြီးခဲ့သည့်နှစ်က ရိတ်သိမ်းသိုလှောင်ထားသော စပါးများမှာ ပြည်မနှင့် ပြည်ပသို့ တင်ပို့ခွင့်မရဘဲ ယခုအချိန်ထိ တင်ကျန်နေသေးသည်။

ဒေသတွင်းဈေးကွက်လည်း မရှိသဖြင့် ယခုနှစ်မိုးစပါး စိုက်ပျိုးချိန်တွင် သွင်းအားစုစရိတ်အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများ မစိုက်ထုတ်နိုင်၍ အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ 

စိုက်ပျိုးထားသောမိုးစပါးများမှာ မကြာမီကာလတွင် ရိတ်သိမ်းရတော့မည်ဖြစ်၍ ယခင်နှစ်ကပင် ကျန်ရှိနေသော စပါးများ ရောင်းချနိုင်ရေးနှင့် သင့်တင့်မျှတသည့် ဈေးနှုန်းတစ်ခု သတ်မှတ်ပေးရန် လိုလားနေကြခြင်းဖြစ်သည်။ 

“ပြီးခဲ့တဲ့နှစ်က စပါးတွေကို ဝယ်မယ့်သူတောင် မရှိဘူး။ ဒီနှစ်စပါးပေါ်ချိန် ရောက်လို့တောင် ဝယ်သူမရှိဘူးဆိုရင် ကျမတို့မှာ အရမ်းနစ်နာမှုရှိလာမယ်။ ဒါကြောင့် အာရက္ခပြည်သူအစိုးရအနေနဲ့ အရောင်းအဝယ်ပြုလုပ်မယ့် ဈေးကွက်တစ်ခုလောက် ဖော်ဆောင်ပြီးတော့ ကုန်သွယ်မှုတွေ ပြုလုပ်စေချင်တယ်” ဟု မြောက်ဦးမြို့နယ်မှ တောင်သူ ဒေါ်သန်းသန်းစိုးက ပြောသည်။ 

လက်ရှိ ရခိုင်ဒေသတွင် ပေါ်ဆန်းမွှေး စပါးတောင်း ၁၀၀ လျှင် ကာလပေါက်ဈေးအရ ငွေကျပ် ၈ သိန်းဝန်းကျင်နှင့် အခြေခံစပါးများဖြစ်သည့် သီရိဒုံ၊ ကောက်ချေ၊ အိန္ဒိယဆန်ချေ စသည့် စပါးတောင်း ၁၀၀ လျှင် ငွေကျပ် ၅ သိန်း ကျော်ရှိပြီး အရောင်းအဝယ်မရှိဘဲ စပါးဈေးကွက် အေးစက်နေသည်။ 

ထို့ကြောင့် တောင်သူများမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လယ်ဧကလျော့စိုက်ခြင်း၊ ဓာတ်မြေဩဇာ လုံလုံလောက်လောက် မသုံးစွဲနိုင်ခြင်း စသည့် သွင်းအားစုစရိတ်အတွက် ငွေကြေးအရင်းအနှီး မစိုက်ထုတ်နိုင်၍ ထွက်ယက်စိုက်ပျိုးထားသော စပါးပင်များ အထွက်နှုန်း လျော့ကျမည်ကို စိုးရိမ်နေကြသည်။ 

“ဒီနှစ် ကျနော်တို့ဘက်မှာ စပါးဝယ်ယူမှု လုံးဝမရှိဘူး။ လယ်သမားတွေမှာ ဒီဆန်စပါးတွေ ရောင်းမထွက်ဘူးဆိုရင် အရမ်းနစ်နာတယ်။ အခုနှစ် စိုက်ပျိုးရာသီမှာ ဓာတ်မြေဩဇာတောင် မသုံးနိုင်ဘူး။ အခုရှိနေတဲ့စပါးတွေ ရောင်းချနိုင်တဲ့ ဈေးကွက်တစ်ခုခုပေါ်လာမှ ကျနော်တို့လယ်သမားတွေရဲ့ဘဝက နည်းနည်းအဆင်ပြေမယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ တောင်သူ ဦးအောင်သိန်းထွန်းက ပြောသည်။ 

ယခင်နှစ်က ရိတ်သိမ်းသိုလှောင်ထားသော စပါးများကို ရောင်းမထုတ်နိုင်ပါက လာမည့် စပါးပေါ်ရာသီတွင် ရိတ်သိမ်းရေးနှင့်ပတ်သက်၍ စိန်ခေါ်မှုများစွာ ရှိနေကြောင်း တောင်သူများက ပြောသည်။ 

“လယ်သမားတွေဆိုတာ ဆင်းရဲတဲ့လူတွေများတယ်။ အခုနှစ် မိုးရာသီအတွက် အသုံးစရိတ်မရှိတာကြောင့် ရွှေတိုရွှေစတွေကို ပေါင်းနှံပြီး စိုက်ပျိုးထားရပေမဲ့ ဆောင်းမှာရိတ်သိမ်းဖို့ စရိတ်မရှိသေးဘူး။ အခုရှိ‌နေတဲ့စပါးတွေ ရောင်းထွက်မှပဲ စရိတ်စခရမှာဖြစ်တယ်။ ဒါကြောင့် လယ်သမားတွေ စပါးရောင်းချလို့ရနိုင်အောင် တစ်ခုခုလုပ်ပေးစေချင်တယ်” ဟု ကျောက်တော်မြို့နယ်မှ တောင်သူ ဦးလှမောင်သိန်းက ပြောသည်။ 

ရခိုင်ပြည်သည် ပင်လယ်ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်သည်နှင့်အညီ ကျေးလက်နေပြည်သူ ၇၅ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းနှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးကြပြီး လယ်ယာစိုက်ပျိုးရေးမှာ ရခိုင်ဒေသ၏ ပင်မစီးပွားရေးဖြစ်သည်။ 

ရခိုင်တစ်ပြည်လုံးတွင် လယ်ဧက စုစုပေါင်း ၁၂ သိန်းကျော်ရှိသော်လည်း ယခုနှစ် သွင်းအာစုစရိတ် ကြီးမား တို့ကြောင့် စိုက်ပျိုးဧက အားလုံး၏ သုံးပုံတစ်ပုံခန့် လျော့နည်းသွားခဲ့ကြောင်း တောင်သူအသိုင်းအဝိုင်းက ပြောဆိုထားကြသည်။