- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ငါးသိုင်းချောင်းရောက် ဂွ စစ်ဘေးရှောင် ၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်က ဓာတ်မှန် ဝန်ထမ်း ဦးချမ်းငြိမ်းအောင်၊ ဆပ်သွားအလယ်ရွာက ကိုသိန်းဦး၊ ဇီးကုန်း ကျေးရွာက ကိုညီလေးနှင့် ချိုင်ကောက်ကျေးရွာက ကိုမိုးထက်ကျော်နှင့် ညောင်ချောင်းရွာက ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။
21 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ဂွဒေသခံ အမျိုးသား ၅ ဦးအား ဖေဖော်ဝါရီလ ၁၈ ရက် ညဉ့်အချိန်တွင် စစ်ကောင်စီကဖမ်းဆီးခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ဂွမြို့နယ်၊ ဆပ်သွားတိုက်နယ်က ဓာတ်မှန် ဝန်ထမ်း ဦးချမ်းငြိမ်းအောင်၊ ဆပ်သွားအလယ်ရွာက ကိုသိန်းဦး၊ ဇီးကုန်း ကျေးရွာက ကိုညီလေးနှင့် ချိုင်ကောက်ကျေးရွာက ကိုမိုးထက်ကျော်နှင့် ညောင်ချောင်းရွာက ဦးအောင်နိုင်ဦးတို့ ဖြစ်သည်။
သူတို့အား AA နှင့် ဆက်စပ်သည်ဟု စွပ်စွဲထားပြီး လက်ရှိတွင် ရေကြည်မြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“သူတို့က ငါးသိုင်းချောင်းမှာ စစ်ရှောင်နေကြတာ။ အဲဒီမှာ AA နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး ရဲတွေနဲ့ စစ်သားတွေက ညအချိန်မှာ စစ်ရှောင်တွေ ခိုလှုံနေတဲ့ အိမ်တွေက ဝင်ဖမ်းသွားတာ။ လက်ရှိတော့ ရေကြည်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သိရတယ်။ အမှုဖွင့် တရားစွဲတာတို့ မကြားရသေးဘူး” ဟုပြောသည်။
အဆိုပါ စစ်ဘေးရှောင်များမမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ကတည်းက ဧရာဝတီတိုင်းဖက်ကို ရောက်နေကြသူများဖြစ်ကြောင်း သိရသည်။
အခုဖမ်းဆီးခံသူများထဲတွင် ဆိုင်ကယ်ကယ်ရီမောင်းသူ အချို့လည်းပါဝင်ပြီး ရခိုင်ပြည်ဖက်ကို ဆေးဝါးပို့ဆောင်သည်ဟုလည်း စွပ်စွဲမှုများရှိကြောင်း နောက်ထပ် ဧရာဝတီရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
“သူတို့ကို ပထမတစ်ချက် AA နဲ့ဆက်သွယ်မှုရှိတယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသလို နောက်တစ်ချက်က သူတို့ကို ဂွဖက်ကို ဆေးဝါးနဲ့ စားသောက်ကုန်တွေ ပို့နေတယ်ဆိုပြီးတော့လည်း စွပ်စွဲချက်တွေပါတယ်။ အဓိကတော့ သူတို့က AA တွေကို ဆေးဝါးထောက်ပံ့ပေးနေတယ်ဆိုပြီး ဖမ်းဆီးသွားတာ” ဟု စစ်ဘေးရှောင်နောက်တစ်ဦးက ပြောသည်။
ဧရာဝတီဖက်ကို ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များနှင့် ဧရာဝတီတိုင်းမှာ နေထိုင်ကြသည့် ဌာနေရခိုင်တိုင်းရင်းသားများကို စစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလကတည်းက စပြီး AA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိနေပြီး စစ်ပြည်သူ့စစ်သင်တန်း တက်ခိုင်းနေမှုများရှိသည်ဟု စစ်ဘေးရှောင်နှင့် ဒေသခံများက ပြောသည်။
ထို့သို့ ဖမ်းဆီးခံရသူများထဲတွင် ဧည့်စာရင်းကြောင်း ဖမ်းဆီးခံရသူများကို စစ်ကောင်စီက ပြန်လွှတ်ပေးမှုများ ရှိခဲ့သော်လည်း အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးခံရသူ အချို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားသည်ဟုလည်း သိရသည်။
သံတွဲနှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဧရာဝတီတိုင်းဖက်ကို စစ်ဘေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီရှိသည်ဟု စစ်ဘေးရှောင်အရေး ကူညီပေးသူများထံမှ သိရသည်။
အာရက္ခတပ်တော်သည် ဒီဇင်ဘာလတွင် ဂွမြို့နယ်အားသိမ်းပိုက်ပြီးနောက် ဧရာဝတီတိုင်းက ပုသိမ်၊ သာပေါင်းနှင့် ရေကြည်မြို့နယ်တို့တွင် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။