ရခိုင်က မြို့နယ် ၆ ခုတွင် ကျန်းမာရေးဝန်ထမ်း ၁၅ ဦး Covid-19 ပိုးကူးစက်ခံထားရ

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၈၅၆ ယောက်ရှိပြီး ယင်းအထဲမှ မြို့နယ် ၆ ခုတွင် ကျန်းမာရေးဝန်ထမ်း ၁၅ ဦးမှာ Covid-19 ပိုးကူးစက်ခံထားရသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

13 Jul 2021

DMG ၊ ဇူလိုင် ၁၃

ရခိုင်ပြည်နယ်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့အထိ ကိုဗစ်ပိုးကူးစက်ခံရသူ ၈၅၆ ယောက်ရှိပြီး ယင်းအထဲမှ မြို့နယ် ၆ ခုတွင် ကျန်းမာရေးဝန်ထမ်း ၁၅ ဦးမှာ Covid-19 ပိုးကူးစက်ခံထားရသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

ကိုဗစ်ကူးစက်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများမှာ စစ်တွေတွင် ၁ ဦး၊ အမ်းတွင် ၄ ဦး၊ မြေပုံတွင် ၁ ဦး၊ ပေါက်တောတွင် ၁ ဦး၊ မောင်တောတွင် ၆ ဦးနှင့် ကျောက်တော်တွင် ၂ ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“မနေ့ကအချိန်ထိ ၁၅ ယောက်ကူးစက်ခံထားရပါတယ်။ အဲဒီအထဲမှာ ဆရာဝန်တွေလည်းပါတယ်။ သူနာပြုတွေလည်းပါတယ်။ nurse တွေလည်းပါတယ်။ ကျန်းမာရေးကြီးကြပ်(၁)လည်း ပါတယ်။ (၂)လည်းပါတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိတွင် ရခိုင်တစ်ပြည်နယ်လုံးရှိ ကျန်းမာရေးဝန်ထမ်း ၁၅ ဦး ကိုဗစ်ကူးစက်ခံထားရသော်လည်း ကျန်ရှိသည့် ဝန်ထမ်းများဖြင့် လုပ်ကိုင်လျှက်ရှိသည်ဟု ၎င်းကဆိုသည်။

“ဝန်ထမ်းကတော့ ကျွန်တော်တို့မှာ သက်ဆိုင်ရာမြို့နယ်အလိုက် သူ့ percent အလိုက် ခွင့်ပြုခန့်ထားဆိုတာရှိတယ်။ ခွင့်ပြုတာက လူတစ်ရာဆိုရင် ခန့်ထားတာက ၈၀ ရှိမယ်၊ ၉၀ ရှိမယ် အဲဒီလိုမျိုးရှိတယ်ပေါ့နော်။ အဲဒီအထဲကမှ ၁၅ ယောက်လောက် ကူးစက်ထားရင်ဆိုရင်လည်း ကျွန်တော်တို့က ရှိတဲ့အင်အားနဲ့ပဲ လုပ်နေတာပေါ့နော်” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်ပြောသည်။

ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် ကိုဗစ်ပိုးတွေ့လူနာများနှင့် ထိတွေ့မှုများရှိသည့်အတွက် ယင်းသို့ကူးစက်ခံရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ကျောက်ဖြူမြို့နယ်မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက “မိမိကိုယ်ကိုစိုးရိမ်နေရင် ရောဂါအခြေအနေက ပိုပြီးဆိုးသွားမယ်။ ကျနော်တို့ဆိုရင်လည်း အိမ်မှာမိသားစုနဲ့နေတာကနေ အခုဆိုရင် ဆေးရုံကအဆောင်မှာ ပြောင်းပြီးနေထိုင်နေရတယ်။ မိသားစုတွေဆီကို ကိုယ်ကတစ်ဆင့်ကူးစက်သွားမှာ ကြောက်တယ်” ဟု ဆိုသည်။

ယခင် ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းများတွင် ကျန်းမာရေးဝန်ထမ်းများအပြင် volunteer များပါ ပါဝင်လုပ်ကိုင်ခဲ့ကြပြီးယခု တတိယလိုင်းတွင် volunteer များ အားနည်းလျက် ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကပြောဆိုကြသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်း ၈ နာရီအချိန်ထိ Covid-19 ပိုးကူးစက်ပြီးသေဆုံးသူ ၁၆ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၁၉၀ ဦးနှင့် ဆေးကုသမှုခံယူနေရသူ ၇၂၆ ဦး ရှိကြောင်း သိရသည်။