- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
အရေးပေါ်စောင့်ကြည့်စာရင်းဝင် နိုင်ငံပေါင်း ၂၀ ထဲမှ လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြင့်လာမည့် ထိပ်တန်း ၅ နိုင်ငံမှာ ဆူဒန်၊ သိမ်းပိုက်ခံ ပါလက်စတိုင်းဒေသ၊ မြန်မာ၊ ဆီးရီးယား နှင့် တောင်ဆူဒန် တို့ဖြစ်သည်။
12 Dec 2024

DMG ၊ ဒီဇင်ဘာ ၁၂
လူသားချင်းစာနာမှုအကျပ်အတည်း အကြီးမားဆုံးထိပ်တန်းနိုင်ငံများထဲ မြန်မာနိုင်ငံသည် တတိယနေရာတွင် ရှိနေပြီး ၂၀၂၅ ခုနှစ်တွင် လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြှင့်လာမည်ဖြစ်ကြောင်း နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ (IRC) က ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။
အရေးပေါ်စောင့်ကြည့်စာရင်းဝင် နိုင်ငံပေါင်း ၂၀ ထဲမှ လူသားချင်းစာနာမှုအကျပ်အတည်း တိုးမြင့်လာမည့် ထိပ်တန်း ၅ နိုင်ငံမှာ ဆူဒန်၊ သိမ်းပိုက်ခံ ပါလက်စတိုင်းဒေသ၊ မြန်မာ၊ ဆီးရီးယား နှင့် တောင်ဆူဒန် တို့ဖြစ်သည်။
အကျပ်အတည်းကြီးမားမှု တတိယနေရာရှိ မြန်မာနိုင်ငံတွင် လူပေါင်း ၉ သိန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး ပြီခဲ့သည့် ၂၀၂၃ ခုနှစ်ထက် ၃၇ ရာခိုင်နှုန်း တိုးလာကြောင်း IRC က ဖော်ပြသည်။
“အာဏာသိမ်းစစ်ခေါင်းဆောင်ကြောင့် အခုလို အဆိုးဆုံးနိုင်ငံတွေ စာရင်းမှာ ပါလာတာ။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလူဦးရေ တိုးသထက်တိုးလာနေပေမဲ့ လူသားချင်းစာနာမှုအကူအညီ ရရှိမှုတွေက မရှိသလောက် နည်းပါးနေတယ်” ဟု ရခိုင်လူငယ် မငြိမ်းအေးက ပြောသည်။
လူသားချင်းစာနာမှုအကျပ်အတည်း ကြီးမားမှု ထိပ်တန်းနိုင်ငံများထဲမှ ပထမနေရာတွင် ပြည်တွင်းစစ်ကြောင့် ကမ္ဘာပေါ်တွင် အကြီးဆုံးအိုးမဲ့အိမ်မဲ့အကျပ်အတည်းနှင့် အဆိုးရွားဆုံး အစာခေါင်းပါးမှုကို ဦးတည်နေသည့် ဆူဒန်နိုင်ငံက ရှိနေသည်။
ဂါဇာကမ်းမြောင်ဒေသ စစ်ရေးပဋိပက္ခကြောင့် လူအသေအပျောက်များသည့် ပါလက်စတိုင်းက ဒုတိယနေရာ တွင်ရှိပြီး၊ စည်းလုံးညီညွတ်သော လက်နက်ကိုင်အဖွဲ့များက စစ်ပွဲများသို့ ဦးတည်နေသည့် မြန်မာနိုင်ငံက တတိယနေရာတွင် ရှိနေခြင်းဖြစ်သည်။
“စောင့်ကြည့်စာရင်းဝင် နိုင်ငံတွေဟာ ပုံမှန်အတိုင်းဆို စီးပွားရေးလမ်းကြောင်းက ပြောင်းပြန်လှန်နိုင်မှာ မဟုတ်ဘူး။ လက်ရှိအနေအထားကို မကြည့်ဘူးဆိုရင် အရပ်သားပြည်သူတွေဟာ ကြီးထွားနေတဲ့ ပြဿနာနဲ့ အဆိုးရွားဆုံး သက်ရောက်မှုတွေကို ဆက်လက်ခံစားရနိုင်တယ်” ဟု IRC ဥက္ကဌနှင့် CEO ဖြစ်သူ David Miliband က ပြောဆိုထားသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဆိုက်မှုကို ဖြေရှင်းရန် လူသားချင်းစာနာမှု အကူအညီပေးရေး စနစ်ကို ပြုပြင်ပြီး စီးပွားရေးတည်ငြိမ်မှုကို မြှင့်တင်ရန်လိုအပ်ကြောင်း IRC ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းအပြင် ဗီတိုအာဏာသုံးမှုကို ဆိုင်းငံ့ထားရန်၊ အရပ်သားများအား အကာအကွယ်ပေးရန်၊ ဒုက္ခသည်များ အတွက် ဘေးကင်းသော လမ်းကြောင်းများနှင့် အကူအညီများ ချဲ့ထွင်ပေးရန်လိုအပ်ကြောင်း ဆိုထားသည်။
ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၃၀၅ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပြီး စောင့်ကြည့်စာရင်းဝင်နိုင်ငံများ၏ အကျပ်အတည်းကြောင့် ကမ္ဘာ့နေရပ်စွန့်ခွာသူ ၇၇ ရာခိုင်နှုန်း ရှိကြောင်း IRC ၏ ထုတ်ပြန်ချက်အရ သိရသည်။