မလေးရှားတွင် တစ်ပတ်အတွင်း မြန်မာလုပ်သား ၆၀၀ ခန့် ဖမ်းဆီးခံရ

အောက်တိုဘာ ၅ ရက်နေ့က ရှားအလန်းနှင့် ဆရင်ဘန်း မြို့များတွင် မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ၈၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦးမှာ ရထားတိုက်မိမှုကြောင့် သေဆုံးသွားခဲ့ရသည်။

By Admin 09 Oct 2024

အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား အောက်တိုဘာ ၅ ရက်နေ့တွင် ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့
အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများအား အောက်တိုဘာ ၅ ရက်နေ့တွင် ဖမ်းဆီးနေစဉ်။ ဓာတ်ပုံ - မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့

DMG ၊ အောက်တိုဘာ ၉

မလေးရှားနိုင်ငံတွင် တရားမဝင် ရွှေ့ပြောင်းလုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို ဖမ်းဆီးခြင်းအရှိန် မြှင့်နေပြီး ယခုလ ပထမသီတင်းပတ်အတွင်း မြန်မာနိုင်ငံမှ အလုပ်သမား ၆၀၀ နီးပါး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသူရက “အခု မလေးရှားမှာ အော်ပရာစီသတိပေးချက်က ဒီဇင်ဘာလကုန်ထိလို့ ကျနော်တို့သိထားတယ်။ ဒါကြောင့် မြန်မာလုပ်သားတွေ အနေနဲ့ အထောက်အထားတွေ မပြည့်စုံဘဲ အသွားအလာတွေ မလုပ်ကြဖို့နဲ့ ပတ်ဝန်းကျင်မှာ ဒီနိုင်ငံသားတွေနဲ့ အဆင်ပြေအောင် ဂရုစိုက်နေသင့်တယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ၊ အိပိုး၊ ဂျဟိုးဘာရူး၊ ရှားအလန်း၊ ဆရင်ဘန်း စသည့် မြို့များတွင် ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ နေအိမ်၊ အလုပ်ခွင် စသည့် နေရာများသို့ အာဏာပိုင်များက အင်အားအလုံးအရင်းဖြင့် ရှောင်တခင် ဝင်ရောက် ဖမ်းဆီးနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က ရှားအလန်းနှင့် ဆရင်ဘန်း မြို့များတွင် မလေးရှားရဲနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်ဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံသား ၈၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ထွက်ပြေးသည့် မြန်မာအမျိုးသမီးတစ်ဦးမှာ ရထားတိုက်မိမှုကြောင့် သေဆုံးသွားခဲ့ရသည်။

ဖမ်းဆီးခံရသည့်အထဲတွင် ရခိုင်လူမျိုးများလည်း ပါဝင်ပြီး ဇွန်၊ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလအတွင်း ရခိုင်ဒေသခံ ၃,၅၀၀ ခန့်အထိ ဖမ်းဆီးခံထားရကြောင်း ရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေသူမ၏ စာရင်းအရ သိရသည်။

“မလေးရှားအစိုးရက အထောက်အထား စာအုပ် မလုပ်ပေးသေးဘူး။ မတ်လလောက်မှာ လုပ်ပေးမယ်ထင်တယ်။ အဲဒါကြောင့် သူတို့ဖမ်းရင်လည်း ခံကြရမှာပဲ။ သူများနိုင်ငံမှာနေရင်တော့ သူများမျက်နှာ ကြည့်နေရမယ်။ နောက်ပြီး မလေးရှားက အစ္စလာမ်ဘာသာ ကြီးစိုးတဲ့နိုင်ငံဖြစ်တဲ့အတွက် အရက်သောက်ပြီး သောင်းကျန်းနေလို့ မရဘူးလေ” ဟု မလေးရှားရောက် ရခိုင်လူမျိုးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများကို မလေးရှားအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အလုပ်သမားဉပဒေ၊ လဝကဉပဒေများဖြင့် အရေးယူလေ့ရှိကြောင်း သိရသည်။

ယခုကဲ့သို့ တရားမဝင် ပြည်ပလုပ်သားများအား အရှိုန်အဟုန်ဖြင့် ဖမ်းဆီး နေခြင်းသည် လာမည့် ၂၀၂၅ ခုနှစ် တွင် မလေးရှားနိုင်ငံသည် အာဆီယံ အသင်းတွင် ဥက္ကဌ ဖြစ်လာမည့် အရေးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း မလေးရှား ရောက် မြန်မာ အလုပ်သမားများက သုံးသပ်ကြသည်။

“လာမယ့်နှစ်မှာ မလေးရှားက အာဆီယံ ဥက္ကဌ ဖြစ်လာမှာဆိုတော့ တရားမဝင် အလုပ်သမားတွေ မရှိစေချင်တာ ကြောင့်လည်းဖြစ်မယ်။ နောက်တစ်ခုက ဒေသခံ နိုင်ငံသားတွေက နိုင်ငံခြားအလုပ်သမားတွေကို အမြင် မကြည် တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟု မလေးရှားတွင် အလုပ်လုပ်နေသူ ကိုအောင်မြင့်က ဆိုသည်။

မလေးရှားတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာအလုပ်သာမား ၃ သိန်းခန့်နှင့် တရားမဝင် အလုပ်သမား ၂ သိန်း ခန့်ရှိကြောင်းနှင့် မြန်မာနိုင်ငံ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမို ရောက်လာခြင်းများရှိကြောင်း မလေးရှား နိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ကူညီရေး လုပ်ဆောင်နေသူများက ခန့်မှန်းပြောဆို  ကြသည်။