မောင်တော လေကြောင်းဗုံးကြဲခံရမှု ဒေသခံ ၅ ဦးသေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

" ဒီနေ့ နံနက် ၂ နာရီလောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လာချသွားတာ။ ၅ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲမှာ မောင်တောက စစ်ဘေးရှောင်လာတဲ့သူတွေပါတယ်။ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ် " ဟု မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

By Admin 21 Oct 2024

အောက်တိုဘာ ၂၁ ရက်တွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ဖားဝပ်ချောင်းကျေးရွာမှ သေဆုံး၊ ဒဏ်ရာရရှိသူများ အားတွေ့ရစဉ်။ (ဓာတ်ပုံ - APM)
အောက်တိုဘာ ၂၁ ရက်တွင် စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် ဖားဝပ်ချောင်းကျေးရွာမှ သေဆုံး၊ ဒဏ်ရာရရှိသူများ အားတွေ့ရစဉ်။ (ဓာတ်ပုံ - APM)

DMG ၊ အောက်တိုဘာ ၂၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက အောက်တိုဘာ ၂၁ ရက်၊ နံနက် ၂ နာရီခန့်တွင် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဒေသခံ ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။

သေဆုံးသူများမှာ ဒေါ်လှလှအေး (၅၈)နှစ်၊ မခင်သီတာဌေး (၂၆)နှစ်၊ ကိုနေဇော်ဦး (၂၉)နှစ်၊ ကိုမောင်မောင်သိန်း (၂၀)နှစ်နှင့် မအေးအေးအောင် (၂၆)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ ၁၀ ဦးထက်မနည်းရှိကာ အသေးစိတ်ကို DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

" ဒီနေ့ နံနက် ၂ နာရီလောက်မှာ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လာချသွားတာ။ ၅ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာရသူတွေထဲမှာ မောင်တောက စစ်ဘေးရှောင်လာတဲ့သူတွေပါတယ်။ ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ် " ဟု မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ဖားဝပ်ချောင်းကျေးရွာမှ နေအိမ် ၃ ဆောင်မှာလည်း လုံးဝပျက်စီးသွားကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မောင်တောမြို့နယ်အတွင်းက အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေ၍ ဒေသခံများ ထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။

မောင်တောဒေသခံတစ်ဦးက " စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ နေ့တိုင်းလာပစ်တာရှိတယ်။ တိုက်ပွဲမဖြစ်တဲ့နေရာတွေကလည်း လာပစ်တယ်။ ဖားဝပ်ချောင်းနားမှာဆိုရင် အခုဘာတိုက်ပွဲမှ ဖြစ်တာမရှိဘူး " ဟု ပြောသည်။

အောက်တိုဘာ ၁၉ ရက်ကလည်း မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(မွတ်ဆလင်) ကျေးရွာကို စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ မွတ်ဆလင် ၅ ဦးဒဏ်ရာရရှိခဲ့သည်။

မောင်တောမြို့နယ်တွင် နခခ ၅ တပ်ရင်းမှလွှဲ၍ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားသည့် AA သည် လက်ကျန်တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ အောက်တိုဘာ ၁ ရက်မှ ယနေ့ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းအထိ စစ်ကောင်စီလေကြောင်းပစ်ခတ်မှု‌ကြောင့် အရပ်သား သေဆုံးသူ ၃၉ ဦးနှင့် ဒဏ်ရာရရှိသူ ၇၀ ကျော်အထိ ရှိလာနေသည်။