- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူမြို့ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော် ကိုဗစ်ဖြင့်ပျံလွန်တော်မူ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ကိုဗစ်ကူးစက်ခံရပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာမှ ဇူလိုင် ၂၂ ရက်နေ့ နံနက်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။
22 Jul 2021
DMG ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော်မှာ ကိုဗစ်ကူးစက်ခံရပြီး ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာမှ ဇူလိုင် ၂၂ ရက်နေ့ နံနက်တွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဇူလိုင်လ ၂၀ ရက်နေ့နံနက်ပိုင်းက ဆရာတော်မှာ အသက်ရှူကျပ်လာသောကြောင့် ဆေးရုံတက်ရောက်ပြီးစစ်ဆေးရာမှာ ကိုဗစ်တွေ့ရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေစဉ် ပျံလွန်တော်မူသွားခြင်းဖြစ်သည်ဟု ပရဟိတဂေဟာကျောင်းမှ ဂေဟာမှူး ဦးစံရွှေက ပြောသည်။
"ဒီနေ့နံနက် ၅ နာရီကျော်လောက်မှာ ဆရာတော် ပျံလွန်တော်မူသွားတယ်ပေါ့၊ အခုလို ကိုဗစ်ကာလမှာ ဆရာတော်ပျံလွန်သွားတော့ တပည့်တကာ၊ တကာမတွေအနေနဲ့ နောက်ဆုံးမကန်တော့ လိုက်ရတာကို အရမ်းစိတ်မကောင်းဖြစ်နေကြတယ်" ဟု ဦးစံရွှေက ပြောသည်။
ဆရာတော်ပျံလွန်တော်မူစဉ် သက်တော် ၈၈ နှစ်၊ ဝါတော် ၆၈ ဝါရှိပြီဖြစ်ကာ ယခင်က ဆီးချိုနှင့်အဆုတ်ရောင်ရောဂါဖြစ်ပွားခဲ့ဖူးပြီး ဆေးကုသမှုခံယူထားရကြောင်း သိရသည်။
ဆရာတော်သည် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းကို ၁၉၈၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး လူသိများသည့် ဆရာတော်တစ်ပါးဖြစ်သည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်အတည်ပြုလူ ၁၈၈ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၄၀ ကျော်နဲ့ သေဆုံးသူ ၆ ဦးထိရှိနေပြီဖြစ်ကြောင်း သိရသည်။