- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
ရမ်းဗြဲတွင် ဒေသတွင်းလူမှုကူညီရေး အဖွဲ့အစည်းနည်းပါးပြီး စစ်ဘေးရှောင်ဦးရေလည်း များပြားသဖြင့် စားဝတ်နေရေးဖူလုံအောင် ကူညီနိုင်ရန် အခက်အခဲများ ရှိနေသည်။
23 Nov 2024
DMG ၊ နိုဝင်ဘာ ၂၂
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် အမ်း၊ တောင်ကုတ်အပြင် ကျောက်ဖြူမြို့နယ် တို့မှ နေရပ်စွန့်ခွာတိမ်းရှောင်လာသူ တစ်သောင်းကျော်ရှိနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။
ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ တာဝန်ရှိသူက “ရမ်းဗြဲဘက်ကျတော့ တခြားအဖွဲ့တွေကလည်း လက်လှမ်းမမီနိုင်ကြတော့ လှူပေးတာမရှိဘူး။ ပြီးတော့ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတော့ ပိုခက်ခဲတယ်။ အဓိကတော့ ဆန်နဲ့ဆေးဝါး အရေးပေါ်လိုအပ်နေတယ်။ ကျနော်တို့လည်း နိုင်သလောက် ကူနေပေမယ့် လိုအပ်ချက်တွေ များနေသေးတယ်” ဟု ပြောသည်။
အကူအညီအထောက်အပံ့ နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်း တို့ကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာကို ရင်ဆိုင်နေကြရသည်။
ရမ်းဗြဲတွင် ဒေသတွင်းလူမှုကူညီရေး အဖွဲ့အစည်းနည်းပါးပြီး စစ်ဘေးရှောင်ဦးရေလည်း များပြားသဖြင့် စားဝတ်နေရေးဖူလုံအောင် ကူညီနိုင်ရန် အခက်အခဲများ ရှိနေသည်။
“စစ်ဘေးရှောင်တာဆိုတော့ ရေကြီးတာတို့လို ကြိုတင်ခန့်မှန်းပြီးတော့ ကြိုရှောင်လို့ရတာမျိုး မဟုတ်တော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ပြေးလာရတဲ့သူ များတယ်။ ငွေရှိတဲ့သူကတော့ ရှောင်တဲ့နေရာမှာ တစ်ခုခုလုပ်ကိုင်စားလို့ ရမှာပေါ့။ မရှိတဲ့သူကျတော့လည်း ပေးကမ်းတဲ့သူရှိမှပဲ အဆင်ပြေတယ်” ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။
တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းဖြတ်တောက်ထားမှု နောက်ဆက်တွဲအဖြစ် ဆေးဝါးနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုများကို ရင်ဆိုင်နေကြရသည်။
“ရမ်းဗြဲမှာက တိုက်ပွဲကာလကတည်းက ဆေးရုံလည်းမရှိတော့ ဒေသခံတွေ၊ စစ်ဘေးရှောင်တွေအနေနဲ့ ဆေးကုတဲ့အခါ အခက်အခဲရှိတယ်။ ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်။ ရိုးရိုးအဖျားအတွက် သောက်ဆေးကိုတောင် ငွေရှိလျက်နဲ့ ဝယ်လို့မရတဲ့ အနေအထားပါ” ဟု ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဆောင်းရာသီဖြစ်၍ အနွေးထည်နှင့် စောင်လိုအပ်ချက်များအပြင် အမျိုးသမီးလစဉ်သုံး ပစ္စည်းများမှာလည်း တစ်ထုပ်ကို ငွေကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ကျပ် အထိ ရှိနေကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် မြို့တွင်း ဝင်ရောက်နေထိုင်ခွင့်ကို ကန့်သတ်ထားသည်။
စစ်ရေးပဋိပက္ခကြောင့် ရခိုင်တွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၇ သိန်းနီးပါးရှိနေပြီး အရေးပေါ်အကူအညီ လိုအပ်ချက်မှာ မြင့်မားလျက်ရှိသည်။