- တောင်ကုတ်မြို့ဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဒေသခံများထံမှ ငွေညှစ်နေ
- ဂွမြို့နယ်တွင် စစ်ရှောင်များခိုလှုံရာသို့ လက်နက်ကြီးကျ၍ တစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
- လူမှုကွန်ယက်တွင် စစ်ကောင်စီကို ဝေဖန်မှုကြောင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ခန့်ရှိလာ
- သမ္မတလောင်းထရမ့် ဖလော်ရီဒါမှာ ဂေါက်ရိုက်နေတုန်း သေနတ်ဖြင့် ထပ်ပစ်ခံရ
- အကြမ်းဖက်မှုများ အဆုံးသတ်ပေးဖို့ စစ်ကောင်စီကို အမေရိကန် တောင်းဆို
ရေ ၁၀ ပေခန့် မြင့်တက်နေတဲ့ ကျောက်တော်မြို့နယ် အခြေအနေ
သရက်တပင်၊ မဟာမုနိ၊ စပါးဆိပ်၊ ကျောက်တလုံး၊ ညောင်ချောင်း၊ ဘူးသီးတောင် စသည့် ကျေးရွာ ၁၀ ခန့်တွင် ရေ ၁၀ ပေခန့်အထိ မြင့်တက်ကာ ရေနစ်မြုပ်နေပြီး ဒေသခံများမှာ ကုန်းမြင့်ပိုင်းနေရာများသို့ သွားရောက် ခိုလှုံနေကြရသည်။
02 Aug 2024
DMG ၊ ဩဂုတ် ၂
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ ဒီရေမြင့်တက်လာမှုကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာ ၁၀ ခန့် ရေနစ်မြုပ်နေပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရေးအကူညီများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
သရက်တပင်၊ မဟာမုနိ၊ စပါးဆိပ်၊ ကျောက်တလုံး၊ ညောင်ချောင်း၊ ဘူးသီးတောင် စသည့် ကျေးရွာ ၁၀ ခန့်တွင် ရေ ၁၀ ပေခန့်အထိ မြင့်တက်ကာ ရေနစ်မြုပ်နေပြီး ဒေသခံများမှာ ကုန်းမြင့်ပိုင်းနေရာများသို့ သွားရောက် ခိုလှုံနေကြရသည်။
“ရေက မနေ့က ၇ နာရီကတည်းက တက်တာ။ ရေတက်လာတော့ ရွာသားတွေက အကုန်လုံး မဟာမုနိဘုရားကို ပြောင်းရွှေ့ကြရတယ်။ အခုအချိန်ထိ ရေက မကျသေးဘူး။ တချို့အိမ်တွေဆိုရင် အိမ်ခေါင်းမိုးပေါ်ထိ တက်တယ်။ လက်ရှိမှာတော့ စားဝတ်နေရေးနဲ့ နေရေးထိုင်ရေးအကူအညီ အရေးပေါ်လိုအပ်နေပါတယ်” ဟု မဟာမုနိကျေးရွာမှ ဒေါ်စန္ဒာခိုင်က ပြောသည်။
အဆိုပါကျေးရွာများတွင် ယနေ့ ဩဂုတ် ၂ ရက်အထိ ရေ ၁၀ ပေခန့်ထိမြင့်တက်နေပြီး လက်ရှိအချိန် ရေကျဆင်းမှု မရှိသေးကြောင်း DMG သတင်းဌာနက သွားရောက်ကွင်းဆင်းရာတွင် တွေ့ရှိခဲ့ရသည်။
လက်ရှိတွင် ရေဘေးသင့်ဒေသခံများကို အာရက္ခတပ်တော်(AA)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)မှ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
ရေကြီးမှုကြောင့် နေအိမ်၊ ဈေးဆိုင်ခန်း၊ ကြက်၊ ဝက်များ သေကြေပျက်စီးမှုရှိနေပြီး လတ်တလောတွင် အသေးစိတ် မသိရှိရသေးပေ။
ယင်းအပြင် စိုက်ပျိုးထားသည့် စပါးခင်းများ ရေနစ်မြှုပ်သွားသဖြင့် ပျက်စီးအများအပြားရှိကြောင်း ဒေသခံများက ပြောသည်။
“လယ်ကွင်းတွေ အကုန်လုံးနစ်မြှုပ်သွားတယ်။ ဒီနှစ်က စက်သုံးဆီက တအားဈေးတက်တော့ လယ်သမားတွေက စပါးတွေပျက်စီးသွားရင် နောက်တစ်ခေါက်စိုက်ပျိုးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး” ဟု မဟာမုနိကျေးရွာမှ လယ်သမား ဦးမောင်မောင်ဆန်းက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့နယ်ရှိ ကျေးရွာအချို့တွင်လည်း ရေနစ်မြုပ်နေကြောင်း သိရသည်။