- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
AA ခေါင်းဆောင်များကို စစ်ကောင်စီ လော်ဘီများက ဝါဒဖြန့် တိုက်ခိုက်နေ
စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို စောင့်ကြည့်လေ့သည့် ယင်းအစီရင်ခံစာတွင် အာရက္ခတပ်တော် ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပြင် ရခိုင်ပြည်သူများကိုလည်း စစ်ပွဲနွံထဲ နှစ်အောင်လုပ်ဆောင်သူဖြစ်အောင် ပုံဖော်ရေးသားထားမှုကို ဇန်နဝါရီလ အတွင်းက အများဆုံးတွေ့ရကြောင်း ဆိုသည်။
25 Feb 2025

DMG ၊ ဖေဖော်ဝါရီ ၂၅
မြန်မာနိုင်ငံမှာ စစ်ရေးအရ ရှုံးနိမ့်လာသည်နှင့်အမျှ အာရက္ခတပ်တော် ခေါင်းဆောင်းများကို စစ်ကောင်စီ ထောက်ခံသူများသည် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုနှင့် သတင်းတု၊ သတင်းမှားများဝါဒဖြန့်မှု ဆက်တိုက်လုပ်ဆောင်လာကြောင်း “ လွတ်မြောက်ရာ ”အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို စောင့်ကြည့်လေ့သည့် ယင်းအစီရင်ခံစာတွင် အာရက္ခတပ်တော် ခေါင်းဆောင်များကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုအပြင် ရခိုင်ပြည်သူများကိုလည်း စစ်ပွဲနွံထဲ နှစ်အောင်လုပ်ဆောင်သူဖြစ်အောင် ပုံဖော်ရေးသားထားမှုကို ဇန်နဝါရီလ အတွင်းက အများဆုံးတွေ့ရကြောင်း ဆိုသည်။
“(ဗိုလ်ချုပ်) ထွန်းမြတ်နိုင် စစ်ပွဲဖော်ဆောင်မှုကြောင့် လမ်းဘေးရောက်ပြီး စားစရာသောက်စရာမဲ့နေကြတဲ့ ရခိုင် ဒေသခံတွေ၊ စစ်ပွဲနွံထဲရောက်နေတဲ့ ရခိုင်ပြည်သူတွေ” စသည့် ပို့စ်များကို စစ်ကောင်စီ ထောက်ခံသူတို့၏ Facebook Page များနှင့်Telegram Channel အပြင် Tiktok အကောင့်တို့မှ ပြီးခဲ့သည့် ဇန်နဝါရီလမှာ အများဆုံးလုပ်ဆောင်ခဲ့ကြောင်းလည်း ဆိုသည်။
ရခိုင်ပြည်အတွင်းတိုက်ပွဲပြင်းထန်နေချိန် AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် အဖွဲ့ဝင်များကို ဖမ်းရမိထားခြင်း၊ သတ်ဖြတ်နိုင်သည့် လုပ်ကြံဖန်တီးထားသည့် သတင်းတုများကိုလည်း ဆက်တိုက် ဖြန့်ဝေနေသည်ကိုလည်း တွေ့ရသည်။
၂၀၂၁ ခုနှစ်က ကိုဗစ်ကပ်ရောဂါကြောင့် ကွယ်လွန်ခဲ့သည့် AA ဗိုလ်မှူး ကြီးဘုန်းမြတ်၏ ဓာတ်ပုံကိုအသုံးပြုကာ ယခုတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးသွားသည်ဟု သတင်းတုများဖြင့် ဝါဒဖြန့်ထားသည်။
ယင်းသို့ လုပ်နေခြင်းမှာ စစ်ကောင်စီသည် အာရက္ခတပ်တော်ထံ စစ်သားအင်အား၊ လက်နက်ခဲယမ်း အင်အားအများဆုံး ဆုံးရှုံးနေရသည့်အတွက် စစ်ကိုစစ်နှင့်မတိုက်ဘဲ ဝါဒဖြန့်မိုင်းတိုက်ခိုက်သည့်နည်းကို အသုံးပြုလာခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံများက ရှုမြင်ကြသည်။
“စစ်တပ်ဖက်က AA ဆီမှာ ဆုံးရှုံးမှုတွေအများကြီး ရှိတယ်ဆိုတော့ AA ထိန်းချုပ်နယ်မြေတွေကို လေကြောင်း ဗုံးကြဲမယ်။ မငြိမ်မသက် ဖြစ်အောင်လုပ်မယ်။ AA သံသယနဲ့ လူတိုင်းကိုဖမ်းမယ်။ နောက်ဆုံးအဆင့်ကတော့ AA ခေါင်းဆောင်တွေကို အရှက်ရစေချင်တဲ့ ဆန္ဒနဲ့ နည်းမျိုးစုံဝါဒ ဖြန့်မယ်။ ထိခိုက်နစ်နာအောင် မဟုတ်မမှန် ရေးသားမယ် ဒီလောက်ပဲ စစ်ကောင်စီက လုပ်နိုင်မှာ” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင်လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီ ထောက်ခံသူများသည် AA အပါအဝင် KIA၊ MNDAA၊ TNLA အပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်များကြား စည်းလုံးညီညွတ်မှုပျက်ပြားစေရန် သွေးထိုးလှုံ့ဆော်သည့် ဝါဒဖြန့်မှုများကို တွေ့ရှိခဲ့ရကြောင်း “လွတ်မြောက်ရာ” အဖွဲ့၏ အစီရင်ခံစာက ဆိုထားသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုများထဲတွင် အောင်ပွဲအသီးသီးကို ရယူနိုင်သည့် AA ကို သူရဲဘောကြောင်သည့်နည်းဖြင့် စစ်ကောင်စီထောက်ခံသူများက ဆက်လက် တိုက်ခိုက်နေမည်ဖြစ်ကြောင်း နိုင်ငံရေးသမားများက ဆိုသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က “ AA ၏ တော်လှန်ရေးအောင်ပွဲဟာ နည်းတဲ့ အောင်ပွဲမဟုတ်ဘူး။ ထိပ်ပိုင်းခေါင်း ဆောင်တွေကို အမိဖမ်း၊ လက်နက်ခဲယမ်းတွေဆိုလည်း အများကြီး သိမ်းနိုင်တယ်။ AA လာပြီးဆိုရင် နိုင်မယ်ဆိုတာကို ပြည်သူတစ်ရပ်လုံး ယုံကြည်နေပြီးသားဖြစ်တယ်။ ဆိုတော့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထက် စစ်ကောင်စီမှာ မိုင်းတိုက်စရာဆိုလို့ AA ပဲရှိတော့တာ” ဟု ပြောသည်။
တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံသူများနှင့် NCA လက်မှတ်မထိုးထားသည့် တော်လှန်ရေးအဖွဲ့အစည်းများကိုလည်း အဆိုးမြင်သဘောထားနှင့် တိုက်ခိုက်ရေးသားခြင်းကို အများဆုံးလုပ်ဆောင်ထားသည်ကို တွေ့ရသည်။
ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NUG အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ ဝင်များကိုလည်း ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံများကို အသုံးပြုပြီး တိုက်ခိုက်ရေးသားမှုများ လုပ်ဆောင်ထားကြောင်း “လွတ်မြောက်ရာ” အစီရင်ခံစာတွင် ဖော်ပြသည်။