စစ်တွေ ရွှေပြည်သာနှင့် ကျေးတောရွာသားများကို စစ်ကောင်စီ နှင်ထုတ် 

ဒေသခံများအား မောင်းထုတ်ခြင်းမှာ ယင်းနေရာအနီးတဝိုက်တွင် စစ်ကောင်စီက တပ်စခန်းအသစ်များ တိုးချဲ့အထိုင်ချမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

By Admin 16 Sep 2024

စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်အား ဆတ်ရိုးကျတံတားပေါ်မှ တွေ့ရစဉ်။ (File Photo_2021) 
စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်အား ဆတ်ရိုးကျတံတားပေါ်မှ တွေ့ရစဉ်။ (File Photo_2021) 

DMG ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်၊ စစ်တွေမြို့အစွန်ရှိ ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောကျေးရွာကို စက်တင်ဘာ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်သား ရာနှင့်ချီရောက်ရှိလာပြီး ဒေသခံများကို နှင်ထုတ်လိုက်ကြောင်း သိရသည်။ 

ရွှေပြည်သာရပ်ကွက်မှ ဒေသခံတစ်ဦးက “ပြောင်းခိုင်းထားတာ တစ်ပတ်လောက်ရှိပြီ။ အဲဒါ မနေ့က အကုန်လုံး ထွက်ကြဖို့လာပြောတယ်။ သူတို့က မောင်းထုတ်တာ။ ဘယ်နေရာကို ပြောင်းရမယ်ဆိုပြီး နေရာထိုင်ခင်းလည်း မပေးဘူး။ ဘာကြောင့် ထွက်ရမယ်လို့လည်း မပြောဘူး” ဟု ပြောသည်။ 

ကျေးတောကျေးရွာမှ ဒေသခံအများအပြားမှာ စစ်ကောင်စီ ဖမ်းဆီးမှုများကြောင့် ယခုနှစ် အစောပိုင်းမှ စတင်ကာ ဘေးလွတ်ရာတိမ်းရှောင်နေကြပြီး ဒေသခံအနည်းငယ်သာ ကျန်ရှိသည်။ သို့သော်လည်း ရွှေပြည်သာဒေသခံများမှာ ပုံမှန်အတိုင်း ရှိနေခြင်းဖြစ်သည်။ ရွှေပြည်သာတွင် အိမ်ခြေ ၃၀၀ ခန့်နှင့် လူဦးရေ ၁၅၀၀ ခန့်ရှိသည်။ 

လက်ရှိ မောင်းထုတ်ခံရသည့် ဒေသခံများမှာ စစ်တွေမြို့တွင်းရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများနေအိမ်တွင် ယာယီနေထိုင်လျက်ရှိသည်။ ဒေသခံများအား မောင်းထုတ်ခြင်းမှာ ယင်းနေရာအနီးတဝိုက်တွင် စစ်ကောင်စီက တပ်စခန်းအသစ်များ တိုးချဲ့အထိုင်ချမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

“ဒီနေရာက မြို့ထဲကို ဝင်ပေါက်ဖြစ်နေတယ်။ အဲဒါကြောင့် စခန်းအသစ်ချဖို့ဆိုပြီး အကုန်လုံးက ပြောနေကြတယ်။ ဒါပေမယ့် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ ရေရှည်နေဖို့ နေရာထိုင်ခင်းတွေ လိုတယ်။ အိမ်ကပစ္စည်းတွေကိုလည်း အကုန်လုံးမသယ်ခဲ့ရဘူး” ဟု ရွှေပြည်သာဒေသခံ နောက်တစ်ဦးက ပြောသည်။  

ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောကျေးရွာမှာ စစ်တွေမြို့ထဲသို့ဝင်သည့် ဆတ်ရိုးကျတံတားအောက်တွင် ရှိသည်။ ထို့အတူ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရသည့် ဗျိုင်းဖြူရွာနှင့်လည်း တဆက်တည်း ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်တွေမြို့နယ်မှ ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီကို စစ်ကောင်စီက မြို့ပေါ်သို့ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခဲ့သည်။ ယင်းနောက် ထိုကျေးရွာများတွင် တပ်စွဲနေရာယူထားသည်။

စစ်တွေမြို့နယ်တွင် ဩဂုတ်လကုန်ပိုင်းက စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မြို့တွင်းလုံခြုံရေးကို တိုးမြှင့်ကာ မြို့ပတ်လည်တွင် ကင်းစောင့်ခြင်းများ ပြုလုပ်လျက်ရှိသည်။