လူမရှိသည့် ရွှေပြည်သာရပ်ကွက်မှ နေအိမ်များကို စစ်ကောင်စီတပ်သားများ ဖောက်ထွင်း

“အိမ်တွေကိုဖောက်ပြီး ပစ္စည်းတွေကို ယူနေတာရှိပါတယ်။ ရွာမှာက လူတစ်ယောက်မှ မရှိတော့ဘူးဆိုတော့ သူတို့လုပ်ချင်သလို လုပ်နေကြတာ။ ရွာသားတွေကိုလည်း ရွာထဲဝင်ခွင့် လုံးဝမပေးဘူး” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

By Admin 04 Oct 2024

စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်အား ဆတ်ရိုးကျတံတားပေါ်မှ တွေ့ရစဉ်။ (File Photo_2021) 
စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်အား ဆတ်ရိုးကျတံတားပေါ်မှ တွေ့ရစဉ်။ (File Photo_2021) 

DMG ၊ အောက်တိုဘာ ၄

စစ်ကောင်စီ၏ အဓမ္မနှင်ထုတ်မှုကြောင့် လူသူမရှိဖြစ်နေသည့် ရခိုင်ပြည်၊ စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်မှ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းပြီး ပစ္စည်းများကို ယူဆောင်နေကြောင်း သိရသည်။  

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က ရွှေပြည်သာရပ်ကွက်နှင့် ကျေးတောကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက နှင်ထုတ်ခဲ့သည်။ ယင်းနောက် ရွှေပြည်သာတွင် စစ်ကောင်စီက တပ်စွဲနေရာယူပြီး ရက်ပေါင်း ၂၀ အကြာတွင် နေအိမ်များကို ဖောက်ထွင်းလာခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံများက ပြောကြသည်။ 

“အိမ်တွေကိုဖောက်ပြီး ပစ္စည်းတွေကို ယူနေတာရှိပါတယ်။ ရွာမှာက လူတစ်ယောက်မှ မရှိတော့ဘူးဆိုတော့ သူတို့လုပ်ချင်သလို လုပ်နေကြတာ။ ရွာသားတွေကိုလည်း ရွာထဲဝင်ခွင့် လုံးဝမပေးဘူး” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အတင်းအဓမ္မ ဖိအားပေးနှင်ထုတ်မှုကြောင့် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ သေတ္တာ စသည့် ပစ္စည်းအများအပြားမှာ နေအိမ်၌ကျန်ရှိခဲ့ကြောင်း ရွှေပြည်သာရပ်ကွက်မှ ဒေသခံများက ပြောသည်။  

“ဗြုန်းစားကြီး ထွက်ပြေးလာရတာဆိုတော့ ပစ္စည်းတွေကို နိုင်သလောက်ပဲ ယူခဲ့ရတာ။ ဆိုင်ကယ်ကအစ အကုန်လုံးကျန်ခဲ့တယ်။ အခုလို ဖောက်ထွင်းပြီး ယူနေတော့ ဘာမှရှိတော့မှာ မဟုတ်ဘူး” ဟု မြက်မြင်ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

ရွှေပြည်သာရပ်ကွက်တွင် အိမ်ခြေ ၃၀၀ ခန့်၊ လူဦးရေ ၁,၅၀၀ ခန့်ရှိပြီး ၎င်းတို့မှာ လက်ရှိ၌ စစ်တွေမြို့တွင်း ရပ်ကွက်များတွင် အိမ်ငှားနေထိုင်နေပြီး အချို့မှာ ဘုန်းကြီးကျောင်း၌ ခိုလှုံနေကြသည်။ 

နေရာပြောင်းရွှေ့ပေးခဲ့ရသည့် ရွှေပြည်သာဒေသခံများကို စစ်ကောင်စီက တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးခြင်း မရှိကြောင်းလည်း သိရသည်။  

“သူတို့က ဘာမှကူညီပေးတာ မရှိဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း စားနပ်ရိက္ခာထောက်ပံ့မှု မရသေးဘူး။ ဒီအတိုင်းသာဆို ကြာရင် စားဝတ်နေရေးက ပိုပြီးအခက်အခဲရှိနိုင်တယ်။ အခုလည်း ပါလာတဲ့ပစ္စည်းတွေကို ရောင်းစားလို့ ကုန်ခါနီးနေပြီ” ဟု ရွှေပြည်သာရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်တွေမြို့နယ်ရှိ ကျေးရွာ ၁၄ ရွာထက်မနည်းမှ ဒေသခံထောင်နှင့်ချီကို စစ်တွေမြို့ပေါ်သို့ အတင်းအဓမ္မရွှေ့ပြောင်းခိုင်းခဲ့ပြီး အဆိုပါကျေးရွာတို့တွင် တပ်စွဲနေထိုင်ကာ နေအိမ်များကို ဖောက်ထွင်းမှုများ ရှိခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ ဖိအားပေး ရွှေ့ပြောင်းခိုင်းမှုကြောင့် စစ်တွေမြို့တွင် နေထိုင်နေကြရသည့် ကျေးရွာ/ရပ်ကွက်များမှ ဒေသခံများမှာ အကူအညီ အထောက်အပံ့များ လိုအပ်နေကြသည်။