- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
တိုက်ပွဲများကြောင့် စစ်တွေမြို့ခံ သုံးထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်
ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ စစ်တွေမြို့အနီးအနားရွာများနှင့် စစ်တွေမြို့ပေါ်ရှိ စက်ရုံစု၊ ရွှေပြည် သာ၊ မင်းဂံ၊ ဆတ်ရိုးကျ စသည့် ရပ်ကွက်များမှဖြစ်ပြီး မိသားစု ၇၅၀၊ လူဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း သိရသည်။
23 Jan 2025

DMG ၊ ဇန်နဝါရီ ၂၃
လတ်တလော စစ်တွေမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြို့ခံ ၃,၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ထွက်ပြေးလာသည့် စစ်ဘေးရှောင်များမှာ စစ်တွေမြို့အနီးအနားရွာများနှင့် စစ်တွေမြို့ပေါ်ရှိ စက်ရုံစု၊ ရွှေပြည် သာ၊ မင်းဂံ၊ ဆတ်ရိုးကျ စသည့် ရပ်ကွက်များမှဖြစ်ပြီး မိသားစု ၇၅၀၊ လူဦးရေ ၃,၀၀၀ ကျော်ရှိကြောင်း သိရသည်။
“တိုက်ပွဲပြင်းထန်လာတဲ့အတွက် စစ်ဘေးရှောင်လာကြတဲ့ စစ်တွေမြို့နယ်က စစ်ဘေးရှောင်တွေ သိသိသာသာ တိုးလာတယ်။ အဝတ်အထည်ကိုယ်တစ်ခုနဲ့ ပြေးလာကြတော့ ခက်ခဲကြတယ်။ စားရေးသောက်ရေး၊ နေရေးထိုင်ရေးကအစ ဘာမှအဆင်မပြေကြဘူး” ဟု ရခိုင်စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က DMG သို့ပြောသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားကျေးရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး/ငယ်၊ ဒရုန်း၊ စနိုက်ပါများဖြင့်ပါ တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်နေကြောင်း AA က ဇန်နဝါရီ ၂၀ တွင် သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၀ ကလည်း စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီသည် ဝါဘိုကျေးရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားနေအိမ်တအချို့ မီးလောင်ပျက်စီးခဲ့ ကြောင်း အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိ စစ်တွေ စစ်ဘေးရှောင်များမှာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ကျောက်တော် စသည့် မြို့နယ်တို့တွင် ပြန့်ကြဲကာခိုလှုံလျက်ရှိပြီး လူဦးရေများပြားသဖြင့် အဝတ်အထည်၊ စောင်၊ အမိုး အကာနှင့် ဆေးဝါးအကူ အညီများလိုအပ်နေကြောင်း သိရသည်။
“စစ်ကောင်စီက အဖမ်းအဆီးတွေပိုလုပ်လာတယ်။ သူတို့လက်ထဲရောက်သွားရင်မလွယ်ဘူး။ ဒီတော့ နည်းမျိုး စုံနဲ့ထွက်ပြေးလာရတာ။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာရတော့ ဘာမှပါမလာဘူး။ ဒီက စစ်ဘေးရှောင်စခန်းတွေမှာ နေစရာတွေမဆန့်တော့ ဖြစ်သလိုနေနေရတယ်။ အခက်အခဲကတော့ မျိုးစုံပဲ” ဟု စစ်တွေမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီက အရပ်သားနေထိုင်ရာကျေးရွာများကို လက်နက်ကြီး၊ လေကြောင်း၊ ရေကြောင်းအပြင် ဒရုန်းနှင့်ပစ်ခတ်တိုက်ခိုက်မှုများ နေ့စဉ်ရှိနေကြောင်း သိရသည်။
ယင်းအပြင် စစ်တွေမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံအချို့ကို စစ်ကောင်စီနှင့် ALP တပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများလည်းရှိနေကြောင်းသိရသည်။
လက်ရှိ ရခိုင်တွင် တိုက်ပွဲတစ်နှစ်ကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိတိုးလာနေပြီး စစ်ဘေးရှောင်များမှာ အကူအညီရရှိမှုနည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် စားဝတ်နေရေး ကျပ်တည်း မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များထံမှသိရသည်။