- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ နေ့စားလပေးတိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမအချို့ လစာငွေမရရှိကြသေး
ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများ(TA|LT)မှာ ဇူလိုင်လအတွက် လစာငွေကို ယနေ့အထိရရှိခြင်းမရှိသေးကြောင်း ၎င်းဆရာ၊ဆရာများထံမှ သိရသည်။
02 Aug 2021
DMG ၊ သြဂုတ် ၂
ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေသင် ဆရာ၊ဆရာမများ(TA|LT)မှာ ဇူလိုင်လအတွက် လစာငွေကို ယနေ့အထိရရှိခြင်းမရှိသေးကြောင်း ၎င်းဆရာ၊ဆရာများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လက ကိုဗစ်ရောဂါဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် ကျောင်းများကိုပိတ်ထားခဲ့ရသော်လည်း ပုံမှန်လစာကိုရရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင် ဇူလိုင်လအတွက် လစာငွေကိုမရရှိသေးကြောင်း သံတွဲမြို့နယ်မှ တိုင်းရင်းသားစာပေသင်ဆရာတစ်ဦးဖြစ်သူ ကိုအေးမင်းထွန်းက ဆိုသည်။
“ပြီးခဲ့တဲ့ လစာထုတ်ရက်က သွားထုတ်တော့ ကိုဗစ်ကြောင့် ကျောင်းပိတ်တယ်ဆိုပြီး လစာငွေမရခဲ့ပါဘူး။ ကျွန်တော်တို့သံတွဲမှာဆိုရင် လူဦးရေတစ်ရာကျော်လောက်ရှိကြပါတယ်။ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း မရကြဘူးလို့ကြားပါတယ်၊ တောင်ကြီးတစ်ခုပဲ ၁၂ ရက်စာ လစာပဲရတယ်ကြားတယ်”ဟု ၎င်းကဆိုသည်။
၎င်းဆရာ၊ ဆရာမများမှာ အစိုးရမှ တရားဝင်ခန့်ထားသည့် နေ့စားလပေး ဆရာ၊ဆရာမများဖြစ်ကြပြီး ကျောင်းဖွင့်သည့်ရက်များ၌ တစ်ရက်လျှင် ငွေကျပ် ၄၅၀၀ ရရှိကြကြောင်း သိရသည်။
လက်ရှိကိုဗစ်ကာလ ကျပ်တည်းနေချိန်တွင် ရရှိလာမည့်လစာငွေအပေါ် မှီခိုနေရသည့်အတွက် လစာငွေမရရှိပါက စားဝတ်နေရေးအတွက် များစွာအခက်ကြုံရနိုင်ကြောင်း သံတွဲမြို့နယ်မှ တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာမ ဒေါ်ခင်မာရီက ပြောသည်။
“တချို့ဆရာ၊ဆရာမတွေဆိုရင် သူတို့ရွာနဲ့ တာဝန်ကျတဲ့ကျောင်းနဲ့ ဝေးတဲ့အတွက် ကျောင်းမှာနေပြီး ထမင်းကို ချိုင့်ဆွဲစားကြရတဲ့လူတွေရှိတယ်။ တချို့ဆိုရင် ကုန်းတစ်တန်၊ ရေတစ်တန်လာကြရတာတွေရှိတယ်။ ကျွန်မတို့လစာက တစ်လလုံးပေါင်းမှ တစ်သိန်းဝန်းကျင်ပဲရတာ။ ဒီငွေလေးကိုတော့ ကျွန်မတို့မျှော်လင့်မိပါတယ်”ဟု ၎င်းဆရာမက ရှင်းပြသည်။
တိုင်းရင်းသားစာပေသင်ကြားနေသည့် နေ့စားလပေး ဆရာ၊ ဆရာမများ၏ ဇူလိုင်လအတွက် လစာငွေများကို ရုံးချုပ်မှချပေးခြင်းမရှိသေးသည့်အတွက် လစာငွေမပေးနိုင်သေးခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကဆိုသည်။
“သူတို့ကိုပေးရမယ့်လစာငွေကို ရုံးချုပ်က မချပေးသေးဘူး။ ရုံးချုပ်မှာလည်း ကိစ္စတွေများနေတယ်နဲ့တူတယ်။ ဒီကရုံးလုပ်ငန်းတွေအတွက် အသေးသုံးငွေတွေလိုလို့ ထပ်တောင်းထားတာတောင် ချမပေးနိုင်သေးဘူး။ သူတို့လည်း အလုပ်တွေများနေလို့နဲ့တူတယ်”ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုအခြေအနေကြောင့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ ကျောင်းများကို နှစ်ပတ်ယာယီပိတ်ထားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။