- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
စစ်ကောင်စီတပ်ရင်းအတွင်း မိုင်းနင်းမိ၍ မင်းပြားမြို့ခံတစ်ဦး ဒဏ်ရာပြင်းထန်
မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှ ၂၂ နှစ်အရွယ် ကိုအောင်သာချေမှာ စစ်ကောင်စီအခြေစိုက်ခဲ့သည့် ခမရ (၃၇၉) ကိုဖြတ်ပြီး မျှစ်ချိုးရန်သွားသည့်အချိန် တပ်ရင်းအတွင်း မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသွားသည်။
11 Jul 2024
DMG ၊ ဇူလိုင် ၁၁
ရခိုင်ပြည်၊ မင်းပြားမြို့မှ ဒေသခံတစ်ဦးမှာ ယနေ့ နံနက် ၁၁ နာရီ အချိန်ခန့်က စစ်ကောင်စီတပ်ရင်းအတွင်း ဖြတ်သန်းသွားလာမိရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရသွားကြောင်း ဒေသခံများထံမှ သိရသည်။
မင်းပြားမြို့၊ အောင်သာယာရပ်ကွက်မှ ၂၂ နှစ်အရွယ် ကိုအောင်သာချေမှာ စစ်ကောင်စီအခြေစိုက်ခဲ့သည့် ခမရ (၃၇၉) ကိုဖြတ်ပြီး မျှစ်ချိုးရန်သွားသည့်အချိန် တပ်ရင်းအတွင်း မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသွားခြင်းဖြစ်သည်။
“သူက တခြားတစ်ယောက်နဲ့အတူ တပ်ရင်းကိုဖြတ်ပြီး မျှစ်သွားချိုးတာမှာ တပ်ရင်းထဲမှာ မိုင်းနင်းမိသွားတာ။ ခြေတစ်ချောင်းပြတ်သွားတယ်။ သွေးထွက်လွန်ပြီး သတိမေ့နေတယ်၊ စိုးရိမ်ရတယ်” ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်စွဲခဲ့သည့်နေရာများ၊ တပ်ရင်းများနှင့် အနီးအနားများသို့ မသွားလာကြရန် ဒေသန္တရညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း သတိပေါ့လျော့မှု၊ မိုင်းအန္တရာယ်ကာကွယ်ရေး အသိပညာအားနည်းမှုနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် မိုင်းနင်းမိမှုဖြစ်စဉ်များ ဆက်တိုက်ရှိနေသည်။
“အဲလိုနေရာမျိုးတွေကို မသွားလာကြဖို့ တားမြစ်ထားတာ။ သူတို့က တပ်ရင်းထဲဖြတ်ပြီးသွားတော့ အခုလိုတွေ ဖြစ်ကုန်တာ။ ဒေသအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ထိထိရောက်ရောက် တားမြစ်ဖို့လိုတယ်။ မဟုတ်ရင် နောက်လူတွေလည်း ဖြစ်မှာ” ဟု မင်းပြားမြို့ခံ နောက်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာသားတစ်ဦးမှာ တောထဲ၌ထင်းခုတ်နေချိန် မြေမြှုပ်မိုင်းနင်မိ၍ သွေးထွက်လွန်ကာ သေဆုံးခဲ့ရသည်။