ငပလီတွင် လက်နက်ကြီးကျ၍ စစ်ရှောင်တစ်ဦး ဒဏ်ရာရ

ငပလီမြို့၊ လင်းသာရပ်ကွက်၌ စစ်ဘေးရှောင်နေသည့် အသက်(၁၇) နှစ်အရွယ် မောင်ပြုံးချိုမှာ ယနေ့ နံနက် (၇) နာရီခွဲခန့်က ကမ်းခြေအနီးငါးရှာနေစဉ် လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရသွားခြင်းဖြစ်သည်။

By Admin 10 Jul 2024

ငပလီတွင် လက်နက်ကြီးကျ၍ စစ်ရှောင်တစ်ဦး ဒဏ်ရာရ

DMG ၊ ဇူလိုင် ၁၀

စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေတွင် လက်နက်ကြီးကျရောက်မှုကြောင့် လူငယ်တစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ငပလီမြို့၊ လင်းသာရပ်ကွက်၌ စစ်ဘေးရှောင်နေသည့် အသက်(၁၇) နှစ်အရွယ် မောင်ပြုံးချိုမှာ ယနေ့ နံနက် (၇) နာရီခွဲခန့်က ကမ်းခြေအနီးငါးရှာနေစဉ် လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရသွားခြင်းဖြစ်သည်။

“ငါးရှာနေတဲ့အခါ ကျည်စထိမှန်သွားတာပါ။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့အနေထား မဟုတ်ပါဘူး” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 

သံတွဲဒေသခံအများစုမှာ တိုက်ပွဲပြင်းထန်လာမှုကြောင့် မြို့ကိုစွန့်ခွာကာ စစ်ဘေးတိမ်းရှောင်နေကြသော်လည်း ငွေကြေးအခက်အခဲ၊ စစ်ကောင်စီက လမ်းပိတ်ဆို့ထားမှုကြောင့် ပိတ်မိနေသူများလည်း ရှိနေသေးသည်။

“ဒီဒေသကလူတွေက ပင်လယ်ကိုအားကိုးပြီး ရှာစားနေတဲ့လူတွေလေ။ တိုက်ပွဲမဖြစ်ခင်တုန်းက နေ့စဉ်နဲ့အမျှ ပင်လယ်ထဲဆင်းပြီး ငါးဖမ်းနေကြပေမယ့် အခုက အဲ့လိုမလုပ်နိုင်တော့ဘူး။ ဒါပေမဲ့ မရှိတဲ့လူတွေကတော့ လက်နက်ကြီးကြောက်လို့၊ မိုင်းကြောက်လို့၊ ဗုံးကြောက်လို့ဆိုပြီး ထွက်မရှာရင်ငတ်ကြမှာပဲ” ဟု ငပလီဒေသခံ နောက်တစ်ဦးက ပြောသည်။ 

သံတွဲတိုက်ပွဲ နှစ်လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် သံတွဲမြို့နယ်အတွင်း အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁၃၀ ကျော် အထိ ရှိနေသည်။

သံတွဲမြို့နယ်၊ ငပလီအခြေစိုက် ခမရ (၅၆၆) နှင့် သံတွဲလေဆိပ်ကို အေအေက သိမ်းပိုက်ထားပြီး ခလရ (၅၅) တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။