မောင်တောမြို့တွင် AA က မိုင်းရှင်းလင်းရေး လုပ်ဆောင်

မောင်တောမြို့ရှိ လေးမိုင်ရပ်ကွက်နှင့် သစ်တောကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ခဲ့ကြပြီး စုစုပေါင်း မိုင်း ၂၈ လုံး ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။  

By Admin 02 Oct 2024

 ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က မောင်တောမြို့တွင် AA တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေးလုပ်နေစဉ်။ (ဓာတ်ပုံ - ABN)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့က မောင်တောမြို့တွင် AA တပ်ဖွဲ့ဝင်များ မိုင်းရှင်းလင်းရေးလုပ်နေစဉ်။ (ဓာတ်ပုံ - ABN)

DMG ၊ အောက်တိုဘာ ၂ 

ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၁ ရက်နေ့မှစ၍ မိုင်းရှင်းလင်းရေး စတင်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။ 

မောင်တောမြို့ရှိ လေးမိုင်ရပ်ကွက်နှင့် သစ်တောကျေးရွာတွင် မိုင်းရှင်းလင်းရေးလုပ်ခဲ့ကြပြီး စုစုပေါင်း မိုင်း ၂၈ လုံး ရှင်းလင်းနိုင်ခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။  

“လူနေအိမ်တွေမှာလည်း မိုင်းထောင်ထားခဲ့တယ်။ သုံးမိုင်ဘက်က အိမ်တွေမှာဆိုရင် အင်္ကျီတွေနဲ့ရောထွေးပြီး ထားခဲ့ကြတယ်။ AA တပ်သားတွေတောင် ရှင်းလင်းရေးလုပ်ဖို့ အိမ်ပေါ်ကို သိပ်မတက်ရဲဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ခဲ့သည့် မောင်တောမြို့တွင်းနေရာများတွင် မိုင်းမျိုးစုံ ထောင်ထားခဲ့သည်ကို တွေ့ရကြောင်း သတင်းရင်းမြစ်များ ပြောပြချက်အရ သိရသည်။ 

မောင်တောမြို့သို့ ဝင်ရောက်နိုင်သည့် နေရာများ၊ လမ်းတံတားများနှင့် စစ်ကောင်စီစခန်းချခဲ့သော နေရာများတွင် စွန့်လွှတ်မိုင်း၊ မြေမြုပ်မိုင်းများ ထောင်ထားသည်ကို တွေ့ရှိရကြောင်း AA က ဇူလိုင် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

“မောင်တောမှာ နေရာအများစုကို AA က သိမ်းထားပြီ။ လက်ကျန်ကို ရှင်းလင်းနေတာတော့ ရှိတယ်။ နခခ (၅) က မပြတ်သေးဘူး။ အဲဒါကိုထိုးစစ်ဆင်နေတာ။ AA သိမ်းထားတဲ့နေရာတွေကို စစ်ကောင်စီက နေ့တိုင်း ဗုံးလာကြဲတယ်” မောင်တောမြို့ခံတစ်ဦးက ပြောသည်။ 

မောင်တောဒေသကို အလုံးစုံသိမ်းပိုက်နိုင်ရေး နောက်ဆုံးလက်ကျန် နခခ(၅)ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း မောင်တောမြို့ပတ်ပတ်လည်ကို နေ့စဉ်နှင့်အမျှ လေကြောင်းဗုံးကြဲ တိုက်ခိုက်လျက် ရှိသည်။

စစ်ကောင်စီတပ်သားများသည် ရခိုင်က မြို့နယ်များအား လက်လွှတ်ဆုံးရှုံးသွားပြီးနောက် မြို့တွင်းလမ်းမများ၊ နေအိမ်များတွင် မိုင်းများ ထောင်ထားခဲ့သဖြင့် ဒေသခံများ ဒဏ်ရာရသေဆုံးမှုများလည်း ရှိနေသည်။