မြန်မာနဲ့ ထိုင်းစစ်တပ် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းလား

MiG-29 ဖြစ်ရပ်မတိုင်ခင်က ထိုင်း-မြန်မာဆက်ဆံရေးကို ဆက်စပ်ကြည့်မည်ဆိုလျှင်တော့ ၎င်းတို့ဆက်ဆံရေးက မျက်ခုံးပင့်စရာအခြေအနေ ဖြစ်နေပြီဖြစ်သည်။ ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ်များက ထိုင်းနိုင်ငံတွင် ထိပ်တန်းအာဏာ သိမ်းယူမှုနှင့်အတူ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးက ပိုပြီးနက်နက်ရှိုင်းရှိုင်း ဖြစ်လာသည်။ နှစ်ဘက်အဆင့်မြင့်အရာရှိကြီးများ ပုံမှန်လည်ပတ်နေကြသည်များနှင့် ထိပ်တန်းအဆင့်ဆွေးနွေးမှုများ၊ ဆက်ဆံမှုများက အဆိုပါရင်းနှီးမှုကို ဖော်ပြနေခြင်းဖြစ်သည်။

By ကြည်ဖြူစံ 12 Jul 2022

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာတို့ ၂၀၁၇ ခုနှစ် သြဂုတ်လက တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Bangkok Post)

ကြည်ဖြူစံ မြန်မာပြန်ဆိုသည်။

မြန်မာ MiG-29 တိုက်လေယာဉ်တစ်စီး မကြာသေးမီက ထိုင်းလေပိုင်နက်အတွင်းသို့ ကျုးကျော်ဝင်ရောက်ခဲ့ခြင်းသည် နှစ်နိုင်ငံစစ်တပ်အကြားက အလွမ်းသင့်သော ဆက်ဆံရေး၏ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ မြန်မာစစ်တပ် အနေဖြင့် ထိုင်းစစ်တပ်နှင့် အသွင်သဏ္ဍန်ချင်း ပိုတူချင်နေပါသည်။ ထိုင်းဘုရင့်တပ်များသည်လည်း နိုင်ငံရေးတွင် ၎င်းတို့၏အခန်းကဏ္ဍနှင့် အုပ်ချုပ်ရေးကိုထိန်းသိမ်းရန် နောက်ပိုင်းတွင် မြန်မာစစ်တပ်ကဲ့သို့ အဆုံးသတ်သွားနိုင်သည်။ အဆိုပါစစ်တပ်နှစ်တပ်သည် နေရာတိုင်းမှာရှိနေသော နိုင်ငံများနှင့် လူ့အဖွဲ့အစည်းများအတွက် စမ်းသပ်မှု ပြုလုပ်နေခြင်းပင်ဖြစ်သည်။

MiG-29 ဖြစ်ရပ်မတိုင်ခင်က ထိုင်း-မြန်မာဆက်ဆံရေးကို ဆက်စပ်ကြည့်မည်ဆိုလျှင်တော့ ၎င်းတို့ဆက်ဆံရေးက မျက်ခုံးပင့်စရာအခြေအနေ ဖြစ်နေပြီဖြစ်သည်။ ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ်များက ထိုင်းနိုင်ငံတွင် ထိပ်တန်းအာဏာ သိမ်းယူမှုနှင့်အတူ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးက ပိုပြီးနက်နက်ရှိုင်းရှိုင်း ဖြစ်လာသည်။ နှစ်ဘက်အဆင့်မြင့်အရာရှိကြီးများ ပုံမှန်လည်ပတ်နေကြသည်များနှင့် ထိပ်တန်းအဆင့်ဆွေးနွေးမှုများ၊ ဆက်ဆံမှုများက အဆိုပါရင်းနှီးမှုကို ဖော်ပြနေခြင်းဖြစ်သည်။

မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိုင်းတပ်မတော်အကြီးအကဲဟောင်းနှင့် သီး သန့်ကောင်စီဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး ပရမ် တင်ဆူလာနွန်ဒါ၏ မွေးစားသားအဖြစ် လူသိများသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်-အို-ချာ ထံသို့ အာဏာသိမ်းမှုနှင့်ပတ်သက်၍ ကိုယ်ရေးကိုယ်တာစာတစ်စောင် ပေးပို့ခဲ့ပြီး ထိုင်းအစိုးရ၏ထောက်ခံမှု ကိုလည်း တောင်းဆိုခဲ့သေးသည်။

စစ်အုပ်ချုပ်ရေးပုံစံဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ခေါင်းဆောင်အနေဖြင့် နောက်ပိုင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် လာမည့်နှစ်တွင် ကျင်းပမည်ဟု မျှော်လင့်နိုင်သော ရွေးကောက်ပွဲများပါဝင်သည့် လမ်းပြမြေပုံကို ချမှတ်ခဲ့သည်။ တရားဝင်မှု နှင့် ယုံကြည်စိတ်ချရမှု အနည်းငယ်လောက်ဖြင့် အာဏာသိမ်းစစ်ကောင်စီက ကျင်းပမည့်ရွေးကောက်ပွဲကို တရားမျှတမည်ဟု မည်သူကမှ မျှော်လင့်မထားကြပေ။ သို့သော် စစ်အာဏာရှင်အုပ်ချုပ်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဖြင့် အစားထိုးရန် ကြိုးပမ်းနေသည်ကတော့ သိသာထင်ရှားလှပေသည်။ အာဏာသိမ်းစစ်တပ်သည် နိုင်ငံကို အကန့်အသတ်မရှိ အုပ်ချုပ်သွားရန်နှင့် အာဏာကို မဖြစ်မနေရယူရန် အတွက် အကြံအဖန်လုပ်ပြီး ထိုင်းဘက်ခြမ်းကပုံစံကို အတုခိုးနေပုံ ပေါ်သည်။

ရရှိထားသော အချက်အလက်များကလည်း ဆိုးဆိုးရွားရွာပင်။ ထိုင်းနယ်စပ်တလျှောက်တွင် နေထိုင်သော ကရင် တိုင်းရင်းသားလက်နက်ကိုင်များ နေထိုင်ရာတပ်စခန်းကို MiG – 29 ဖြင့်မတိုက်ခိုက်မီ တစ်ရက်အလိုတွင် ထိုင်းစစ်တပ်မှ အကြီးတန်းတပ်မှူးတစ်ဦး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီ သွားရောက်လည်ပတ်ခဲ့သည်။ ဝန်ကြီးချုပ် ပရာယွတ်၊ ထိုင်းလေတပ်ဦးစီးချုပ်နှင့် RTAF ပြောရေးဆိုခွင့်ရှိသူအားလုံးက ဝေဟင်ကျူးကျော်မှုက ကြီးကြီးမားမား မဟုတ်ကြောင်း ပြောဆိုပြီး ပယ်ချခဲ့သည်။

လေပိုင်နက်ချိုးဖောက်ခဲ့လျှင် လေကြောင်းရန်ကာကွယ်ရေး စနစ်အတွက် အချက်ပေးသံများ ပေါ်ထွက်လာရမည် ဖြစ်ပြီး ကျူးကျော်လာသူများကို ကြားဖြတ်တိုက်ခိုက်ရန် ပြည်တွင်းနိုင်ငံမှ တိုက်လေယာဉ်များ ချက်ချင်းထွက်နိုင်ရမည် ဖြစ်သည်။ အဓိကထောက်ပြစရာ ရှိသည်မှာ တရုတ်လေကြောင်းနှောင့်ယှက်မှုကို တားဆီးနိုင်ရန် ထိုင်ဝမ်က ထိုင်ဝမ်လေတပ်မှ တိုက်လေယာဉ်များကို ပုံမှန်စေလွှတ်ခြင်းဖြစ်သည်။ သို့သော် ထိုင်းနိုင်ငံအစိုးရကတော့ အဆိုပါ အဖြစ်အပျက်မှ ရှောင်ထွက်သွားခဲ့သည်။

သေချာသည်ကတော့ MiG – 29 ကျူးကျော်မှုက ဘက်ပေါင်းစုံအတွက် ကြီးမားသောကိစ္စရပ် ဖြစ်သည်။ ပထမ အချက်မှာ ထိုင်းအစိုးရသည် ထိုင်းလူမျိုးများအား ပြည်ပရန်မှကာကွယ်ရန် ရည်ရွယ်ချက်မရှိကြောင်း ပြသခဲ့ခြင်း ဖြစ်သည်။ ဆိုဗီယက်ဘက်စုံသုံး တိုက်လေယာဉ်များ ထိုင်းလေပိုင်နက်ကောင်းကင်ကို ဖြတ်ကျော်ပြီး ရန်သူကိုရှာဖွေနေစဉ် တာခ့်ခရိုင် မြန်မာနယ်စပ်တလျှောက်ရှိ ထိုင်းရွာသားများနှင့် ကျောင်းသားကျောင်းသူများ ထွက်ပြေးနေကြ သည်ကို ဆိုရှယ်မီဒီယာများတွင် တွေ့ရသည်။

F–16 တိုက်လေယာဉ်များ ဝေဟင်ပျံသန်းမှု ပြီးဆုံးပြီးနောက် အခင်းဖြစ်ပွားရာနေရာသို့ ကောင်းစွာဝင်ရာက်လာနိုင်ခြင်းက ထိုင်းနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးနှင့် လေတပ်ပြင်ဆင်မှု နှေးကွေးနေသည့်အတွက်ကြောင့် ဖြစ်သည်။ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတာဝန် ယူထားသော ဗိုလ်ချုပ်ကြီးပရာယွတ်က သူ၏စိစစ်သေချာမှုနှင့် တာဝန်ယူမှုများကို ရှောင်လွှဲ၍မရနိုင်ပေ။ ပြီးခဲ့သော ၈ နှစ် အာဏာသိမ်းပြီးကတည်းက သူ၏အုပ်ချုပ်ရေးက နိုင်ငံသာယာဝပြောရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လုံခြုံရေးကို ဦးစားပေးရန် ရည်မှန်းထားခြင်းဖြစ်သည်။ ထိုင်းပြည်သူများအပေါ် ကျရောက်မည့် နိုင်ငံခြားရန်ကနေ မကာကွယ်နိုင်ဘူးဆိုလျှင် ပရာယွတ်အနေဖြင့် ဘာများ အသုံးကျတော့သနည်း။

ထိုင်းဝေဟင်ပိုင်နက်တွင်းသို့ ဝင်ရောက်လာသည့် မြန်မာစစ်တပ်၏ MiG-29 တိုက်လေယာဉ်တစ်စီးအား တွေ့မြင်ရစဉ်။ (ဓာတ်ပုံ - Bangkok Post)

ဒုတိယအချက်မှာ ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို အလျှော့အတင်းလုပ်ခွင့် ပေးထား ခြင်းအပြင် ထိုင်းအစိုးရသည် မြန်မာပြည်သူများကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်နိုင်ရန် ကူညီပေးရာတွင် ပါဝင်ပတ်သက်လာခဲ့သည်။ အရပ်သားများ ဦးဆောင်နေသော တစ်နိုင်ငံလုံးအုံကြွမှုကြီး နှင့် NUG တို့က အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သည့်လမ်းကြောင်းပေါ်၌ ရပ်ပြီး အသက်စွန့်ထားကြသည်။ ပြည်တွင်းစစ်က မြန်မာနိုင်ငံကို ဆုပ်ကိုင်ထားသည်ဆိုသည်က သာမန်အသိမျှသာ ဖြစ်သည်။

အကယ်၍ ထိုင်းနိုင်ငံက ၎င်းတို့၏အိမ်နီးချင်းနိုင်ငံ၏ ပြည်တွင်းစစ်တွင် ဘက်မလိုက်ပဲနေလိုပါက စစ်ကောင်စီ ထိုးစစ်များအပေါ် ထိုင်းနိုင်ငံက ကူညီပေးနေခြင်းမျိုး မဖြစ်သင့်ပါ။ ထိုင်းနယ်မြေထဲမှ စစ်ကောင်စီ အတိုက်အခံများကို မြန်မာလေတပ်က တိုက်ခိုက်ရန်ခွင့်ပြုပေးခြင်းက အကာအကွယ်မဲ့တာပဲ ဖြစ်ပြီး ထိုင်းနိုင်ငံကို သံတမန်ဆက်ဆံရေးတွင် အကျပ်အတည်းဖြစ်စေခြင်းပင် ဖြစ်သည်။

တတိယအချက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၏ အကျိုးသက်ရောက်မှုများက လက် လှမ်းမမီဖြစ်နေခြင်း ဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် ကီလိုမီတာ ၂၄၀၀ ကျော်ကျယ်ဝန်းသော နယ်စပ်က အကြမ်းဖက်မှုများနှင့် ပစ်ခတ်မှုများကြောင့် ထွက်ပြေးလာကြရသော မြန်မာပြည်သူတွေအတွက် နောက်ဆုံးခိုလှုံရာဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့များ၏ ဗုံးကြဲတိုက်ခိုက်မှုများနှင့် မြေပြင်တိုက်ခိုက်မှုများအတွက် နယ်စပ်တလျှောက်ရှိ ထိုင်းလေပိုင်နက်ကို အသုံးပြုနိုင်ခဲ့မည်ဆိုပါက အပြစ်မဲ့ပြည်သူများ အတွက် ဘေးကင်းရာနေရာဆိုတာက ရှိနိုင်တော့မည် မဟုတ်ပေ။

မကြာသေးသော ဆယ်စုနှစ်များအတွင်း မြန်မာ၏ပြည်တွင်းပဋိပက္ခများ အတွက် ဘေးကင်းလုံခြုံရာ နိုင်ငံတစ်နိုင်ငံအဖြစ် ထိုင်းနိုင်ငံက သံတမန်ရေးဆိုင်ရာနှင့် နိုင်ငံတကာတွင် ဂုဏ်သတင်းများ ကျော်စောခဲ့ဖူးသည်။ ထိုင်း နှင့် မြန်မာစစ်တပ် အချင်းချင်းဆက်ဆံရေးက ထိုင်းနိုင်ငံ၏ နိုင်ငံတကာရပ်တည်မှုကို ထိခိုက်ပျက်ပြားစေပါသည်။

နောက်ဆုံးအချက်မှာ အဆိုပါကျူးကျော်မှုကို မျက်မြင်ထက်ပိုသော တွေ့သိမှုများ ရှိထားပါသည်။ မြန်မာစစ်တပ်နှင့် ထိုင်းစစ်တပ်အကြား ပူးပေါင်းဆောင်ရွက်မှုက နိုင်ငံရေးအရ အကျိုးဆက်များရှိပါသည်။ စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် ပရာယွတ် ဦးဆောင်သော ထိုင်းအစိုးရအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို ထောက်ခံကြသည်။ အဆိုပါ ထောက်ခံမှုသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပိတ်ဆို့အရေးယူမှုများ၊ လိုလားချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာနေသည့် အာဆီယံကြိုးပမ်းမှုများနှင့်လည်း ဆန့်ကျင်နေပါသည်။

အရှင်းဆုံးပြောပါမည်။ အာဏာသိမ်းမြန်မာစစ်တပ်သည် မရိုးဖြောင့်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အတုအယောင်မဲများဖြင့် ထိုင်းနိုင်ငံကဲ့သို့ ဖြစ်လာနိုင်ခဲ့မည်ဆိုလျှင် ထိုင်းနိုင်ငံ၏ ကွန်ဆာဗေးတစ် စစ်တပ်ကျော ထောက်နောက်ခံပြုထားသော ထိုင်းအစိုးရသည်လည်းပဲ မြန်မာစစ်တပ်ကဲ့သို့သာ ဖြစ်လာပေလိမ့်မည်။

ကြည်ဖြူစံ
“Bangkok Post” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Thitinan Pongsudhirak” ၏ “Myanmar, Thai militaries in cahoots” ကိုဆီလျော်အောင် ရေးသားပါသည်။