အမ်းတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ညမထွက်ရအမိန့် သက်တမ်းတိုးထုတ်ပြန်

အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  အား ဇူလိုင်လ ၂ ရက်နေ့မှစ၍ နှစ်လကြာ သက်တမ်းတိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

03 Jul 2021

DMG ၊ ဇူလိုင် ၃

အမ်းမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄  အား ဇူလိုင်လ ၂ ရက်နေ့မှစ၍ နှစ်လကြာ သက်တမ်းတိုးမြှင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

"အရင်က ထုတ်ပြန်ချက်ကို သက်တမ်းတိုးထုတ်ပြန်တာ။ အကြောင်းအရာကတော့ အရင်ထုတ်ပြန်ချက်အတိုင်းပဲ" ဟု အမ်းမြို့နယ် စစ်ကောင်စီဥက္ကဌ ဦးဌေးအောင်ကပြောသည်။

အမ်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့က ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ပြည်အတွင်း နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတတ်သော ဖြစ်စဉ်များရှိခဲ့ပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နိုင်ငံတော်ပိုင် အဆောက်အဦးများနှင့် ယာဉ်များ ပျက်စီးမှုရှိခဲ့ပြီး သာမန်အရပ်သားပြည်သူအချင်းချင်းကြားတွင်လည်း တိုက်ခိုက်မှုများရှိခဲ့သဖြင့် အပြစ်မဲ့အရပ်သားအချို့ သေဆုံးမှုရှိခဲ့ကြောင်း ဆိုသည်။

ယင်းကြောင့် ပြည်သူများအနေဖြင့် ညအချိန်မတော် ယခုကဲ့သို့ ဆက်လက်သွားလာနေမည်ဆိုလျှင် ထိုနည်းတူဖြစ်စဉ်များ ထမ်မံဖြစ်ပွားလာနိုင်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် အမ်းမြို့နယ်အတွင်းပြည်သူများအနေဖြင့် အမ်းလမ်းမကြီး၊ အများပြည်သူသွားရာလမ်း။ လမ်းသွယ်လမ်းကြား၊ ဥယျာဉ်စသည့်နေရာများကို ည ၉ နာရီမှ မနက် ၅ နာရီအထိ မသွားလာကြရန် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့သည်။

အမ်းမြို့နယ်ဒေသခံ ကိုမျိုးလွင်က ညမထွက်ရအမိန့်ထုတ်ပြန် ခြင်းကြောင့် အမ်းမြို့နယ်မှ ရေလုပ်သားများမှာ အခက်အခဲ ဖြစ်ရကြောင်း ပြောသည်။

"ညမထွက်ရအမိန့် မလိုအပ်တော့ဘူး။ ညမထွက်ရအမိန့်က ဒေသခံပြည်သူတွေကို ထိခိုက်စေတယ်။ အမ်းဒေသက ရေလုပ်ငန်းလုပ်ကိုင်သူများတော့ ဒီရေအချိန်နဲ့ကိုက်ပြီးသွားရတယ်။ ည ၉ နာရီက မနက် ၅ နာရီ မထွက်ရဘူးဆိုတော့ သူတို့အလုပ်မဖြစ်တော့ဘူး။ အဆင်မပြေဘူးလို့မြင်တယ်" ဟု ၎င်းကဆိုသည်။

ကိုဗစ်ပိုးကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်က သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် စစ်တွေမြို့နယ်တို့တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ကထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြန်လည်ရုပ်သိမ်းခဲ့သည်။

သို့သော် တိုက်ပွဲဖြစ်ပွားများရှိခဲ့သည့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့်များကိုမူ လုံခြုံရေးအကြောင်း ပြချက်ဖြင့် ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပေ။