ကျောက်ဖြူတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူတစ်ဦး သေဆုံး

ကျောက်ဖြူမြို့နယ် စနဲမြို့မှ ကိုဗစ်အတည်ပြုလူနာတစ်ဦး ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်း ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်ဟု ကျောက်ဖြူဒေသအာဏာပိုင်ထံမှ သိရသည်။

11 Jul 2021

DMG ၊ ဇူလိုင် ၁၁

ကျောက်ဖြူမြို့နယ် စနဲမြို့မှ ကိုဗစ်အတည်ပြုလူနာတစ်ဦး ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်း ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် သေဆုံးသွားခဲ့သည်ဟု ကျောက်ဖြူဒေသအာဏာပိုင်ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၅၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး သွေးတိုးနှင့် ဆီးချိုရောဂါအခံရှိသဖြင့် ဇူလိုင်လ ၉ ရက်နေ့က ကျောက်ဖြူဆေးရုံ၌ တက်ရောက်ကုသရာ ရောဂါလက္ခဏာပြင်းထန်လာ၍ ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားခြင်းဖြစ်သည်။

ဒေသအာဏာပိုင် ဥက္ကဌ ဦးချမ်းမြေ့စောက “ ၉ ရက်နေ့က တွေ့တာ၊ စနဲကလူနာပါ၊ သူက ရောဂါအခံရှိတယ်ပြောတယ်၊ ဆီးချိုနဲ့ သွေးတိုးရှိတယ် ပြောတယ်၊ မနေ့က Isolation ward ကနေပြီးတော့မှ အရေးပေါ်ကို ထပ်ပို့တာပေါ့၊ ထပ်ပို့ပြီးတော့ ဒီနေ့မနက်မှာပဲ ဆုံးသွားတယ်၊ မနေ့ညကတော့ အမောဖောက်တယ် အဲဒီလိုဖြစ်နေတယ်လို့ ပြောတယ်" ဟု ပြောသည်။

ဇူလိုင်လ ၃ ရက်နေ့က ဝက်တိုးပြင်ကျေးရွာ အ.မ.က စာသင်ကျောင်းမှာ ဆရာမတစ်ဦး ကိုဗစ်ပိုးတွေ့ရှိခဲ့၍ ကျောင်းအုပ်ကြီးအပါအဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအားလုံးကို Stay at Home နေထိုင်ရန် ညွှန်ကြားခဲ့ကြောင်း ကျောက်ဖြူမြို့နယ်ပညာရေးမှူး (ခေတ္တ) လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လှိုင်က ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်မှ ၁၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၃၄ ဦးအထိ ရှိလာကြောင်း ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

မနေ့က (ဇူလိုင်လ ၁၀) မောင်တောတွင် ကိုဗစ်အတည်ပြုလူနာ ၂ ဦးနှင့် စစ်တွေမြို့တွင် ကိုဗစ်အတည်ပြုလူနာ တစ်ဦး သေဆုံးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနများက သိရသည်။

ရခိုင်တစ်ပြည်လုံးမှာ မေလ ကနေ ဇူလိုင် ၁၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၇၉၃ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၄၁ ဦးရှိကာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။