မောင်တောတွင်ကိုဗစ်လူနာ ၂ ဦးသေဆုံး နယ်ခြားစောင့် ၁ ဦးပါဝင်

မောင်တောမြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ကိုဗစ်အတည် ပြုလူနာ ၂ ဦး သေဆုံးရာတွင် နယ်ခြားစောင့် ၁ ဦးပါဝင်ကြောင်း သတင်းရရှိသည်။

04 Jul 2021

ဓါတ်ပုံ - ကိုဗစ်ပိုးတွေ့ရှိသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈၈ ဦး အားဆေးကုသမူခံယူနေသည့် နယ်ခြားစောင့်တပ်ဖွဲ့(ခွဲ) နခခ(၅)အား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၄

မောင်တောမြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ကိုဗစ်အတည် ပြုလူနာ ၂ ဦး သေဆုံးရာတွင် နယ်ခြားစောင့် ၁ ဦးပါဝင်ကြောင်း သတင်းရရှိသည်။

မောင်တောခရိုင်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာနုကေသီစံက "ဟုတ်တယ်။မနေ့က ကိုဗစ်နဲ့ ၂ ဦးသေဆုံးတယ်။ နယ်ခြားစောင့် ၁ ဦးကသေဆုံးပြီးမှစစ်ဆေးရာမှာပိုးတွေ့တာဖြစ်တယ်။နောက်တစ်ဦးက အမှတ် ၂ ရပ်ကွက်က ဖြစ်တယ်။ " ဟု DMG ကိုပြောကြားသည်။

ကိုဗစ်ကြောင့် သေဆုံးသူနယ်ခြားစောင့်မှာ မောင်တောမြို့နယ်မြောက်ပိုင်း အောင်ဇံကျေးရွာရဲကင်းစခန်းမှ နယ်ခြားစောင့်ရဲတပ်ကြပ်ဖြစ်ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များအရ သိရသည်။

သေဆုံးသူ နောက်တစ်ဦးမှာ မြို့မတောင်ရပ်ကွက်နေ အသက် ၆၀ နှစ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၂ ရက်နေ့ကဖျားနာ၍ ဆေးရုံသို့လာပြရာ ဇူလိုင်လ ၃ ရက်နေ့တွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါပြင်းထန်သည့်အတွက် သေဆုံး သွားခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် မောင်တောမြို့နယ်၌ နယ်ခြားစောင့် ၁ ဦးအပါအဝင် အသက် ၆၀ နှစ်အရွယ် မွတ်ဆလင် တစ်ဦးဖြစ်ကြောင်းခရိုင်ကျန်းမာရေးဌာနမှသိရှိရသည်။

မောာင်တောမြို့၌ ယနေ့ ဇူလိုင်လ ၄ ရက်နေ့ ၌ ကိုဗစ်ကူးစက်ခံရသူ ၃ ဦးအထိရှိပြီး ဆေးရုံမှ ဆင်းခွင့်ရသူ ၂ ဦးရှိကာ ကိုဗစ်ပိုးတွေ့ရှိသူ ၁၆၇ ဦးအထိရှိလာကြောင်း မောင်တောမြို့နယ်ကျန်းမာရေးဌာနမှသိရသည်။