ရခိုင်တွင် Covid-19 ကာကွယ်ဆေးထိုးထားသူ တစ်သိန်းကျော်ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးသူလည်း ရောဂါကူးစက်ခံရ

ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကတည်းက Covid-19 ကာကွယ်ဆေးထိုးထားသူ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

08 Jul 2021

DMG ၊ ဇူလိုင် ၈

ရခိုင်ပြည်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကတည်းက Covid-19 ကာကွယ်ဆေးထိုးထားသူ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးများမှာ အိန္ဒိယမှလှူဒါန်းထားသည့် ကိုဗစ်ကာကွယ်ဆေး (COVIDSHIELD) နှင့် တရုတ်မှ လှူဒါန်းထားသည့် ကာကွယ်ဆေးများဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးထားတာကတော့ တစ်သိန်းတစ်သောင်းကျော်လောက်ရှိတယ်။ အဲဒီထဲမှာ အိန္ဒိယက လှူဒါန်းထားတဲ့ ကာကွယ်ဆေးတွေက တစ်သိန်းရှစ်ထောင်ကျော်လောက်ပါတယ်။ တရုတ်ကာကွယ်ဆေးက လူလေးထောင်ကျော်ပဲရထားတယ်။ အခုကျနော်တို့ ထိုးနေတာကတော့ တစ်ထောင်ကျော်ပဲရှိသေးတယ်။ ကျန်တဲ့ သုံးထောင်ကျော်ကိုတော့ ပညာရေးဆရာမတွေကို ထိုးပေးဖို့လုပ်ထားတယ်” ဟု ပြောသည်။

ထိုကာကွယ်ဆေးထိုးထားသူများထဲမှ လက်ရှိတွင် ရောဂါပိုးတွေ့ရှိသူ ၄ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇူလိုင် ၇ ရက်နေ့တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၅၆ ဦး ထပ်တိုးလာပြီး ဇူလိုင် (၇) နေ့ ညနေ့ပိုင်းအထိ ရောဂါ ပိုးတွေ့ရှိသူစုစုပေါင်း ၆၁၉ ဦးအထိ ရှိလာကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေ၊ သံတွဲ၊ မောင်တော၊ ဂွ၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့များမှ ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် ဇူလိုင် ရ ရက် ညနေ့ ၈ နာရီအထိ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇၅,၉၂၃) ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ (၁၄၁,၂၅၅) ဦး နှင့် သေဆုံးသူစုစုပေါင်း (၃,၅၇၀) ဦးရှိကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။