တာဝန်ပျက်ကွက်သည်ဟု ဆိုကာ ရခိုင်က ဌာနဆိုင်ရာဝန်ထမ်းများကို အရေးယူမည်

ပြည်နယ်စစ်ကောင်စီ အစိုးရအဖွဲ့ရုံး၊ နယ်လုံဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်တွင် ဝန်ထမ်းများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ထွေ/အုပ် ဝန်ထမ်းတစ်ဦးက ပြောသည်။

By Admin 30 Jul 2024

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ ဌာနဆိုင်ရာအစည်းအဝေးတစ်ခု။ 
စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က ပြုလုပ်ခဲ့သော စစ်ကောင်စီ၏ ဌာနဆိုင်ရာအစည်းအဝေးတစ်ခု။ 

DMG ၊ ဇူလိုင် ၃၀

ရခိုင်ဒေသက ဌာနဆိုင်ရာဝန်ထမ်းများကို အလုပ်တာဝန်ပျက်ကွက်သည်ဟုဆိုကာ အရေးယူမှုပြုလုပ်သွားမည်ဟု ပြည်နယ်စစ်ကောင်စီက ဇူလိုင် ၂၅ ရက်တွင် အမိန့်စာထုတ်ပြန်ထားကြောင်း ဝန်ထမ်းများထံမှ သိရသည်။

ပြည်နယ်စစ်ကောင်စီ အစိုးရအဖွဲ့ရုံး၊ နယ်လုံဝန်ကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်တွင် ဝန်ထမ်းများထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ ထွေ/အုပ် ဝန်ထမ်းတစ်ဦးက ပြောသည်။

“အခု စစ်တွေမှာ ရုံးမတက်တဲ့ ဝန်ထမ်းတွေကို အရေးယူမယ်ဆိုပြီး‌တော့ စစ်ကောင်စီက စာထုတ်ထားတာရှိတယ်။ ဘယ်လိုအရေးယူမယ်ဆိုတာတော့ မသိဘူး။ အခုက ဝန်ထမ်းတွေလည်း သိပ်မကျန်တော့ဘူး။ အကုန်လုံးက တိုက်ပွဲနဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ်” ဟု စစ်တွေမြို့မှ ထွေ/အုပ်ဝန်ထမ်းတစ်ဦးက DMG ကို ပြောသည်။

အဆိုပါအမိန့်စာမှာ ရခိုင်တစ်ပြည်လုံးအတွက် အကျုံးဝင်ကြောင်း ထွေ/အုပ်ဝန်ထမ်းက ဆိုသည်။

ရခိုင်ဒေသတွင် လက်ရှိဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် လုံခြုံရေးအာမခံချက် မရှိသည့်အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများမှာ စစ်ကောင်စီထိန်းချုပ်နယ်မြေမှ AA ထိန်းချုပ်နယ်မြေဆီသို့ ခိုလှုံလာသူများ ရှိနေသည်။

စစ်တွေမြို့တိမ်းရှောင်လာသူ သစ်တောဦးစီးဌာန ဝန်ထမ်းတစ်ဦးက “စစ်တွေမှာ ဘယ်နေ့တိုက်ပွဲဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး။ နောက်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့ကလွဲလို့ ကျန်တဲ့ဌာနဆိုင်ရာက ဝန်ထမ်းတွေကို နိုင်ငံ့ဝန်ထမ်းလို့ မသတ်မှတ်ဘူး။ သူတို့လုပ်ချင်သလိုလုပ်နေကြတာ။ အဲဒါကြောင့် ဆက်ပြီးတော့ တာဝန် မထမ်းဆောင်နိုင်တဲ့အတွက် AA ထိန်းချုပ်နယ်မြေကို ထွက်ပြေးလာတာ” ဟု ပြောသည်။

စစ်တွေ၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော် စသည့်မြို့နယ်များမှ ပညာရေးဝန်ထမ်းများအနေဖြင့် မေလ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာကျောင်းများသို့ အရောက်လာကြရန် စစ်ကောင်စီက စာထုတ်ခဲ့သည်။ 

သတ်မှတ်ကာလအတွင်း မရောက်ရှိလျှင် တာဝန်မှရပ်စဲပြီး လစာခံစားခွင့်ကိုလည်း ဖြတ်တောက်သွားမည်ဟု ဖိအားပေးခြိမ်းခြောက်မှုများ ရှိခဲ့သည်။ 

“ကျမတို့ဆီကို အရေးယူမယ်ဆိုပြီး ထုတ်ထားတဲ့ စာမရောက်သေးဘူး။ ပြီးတော့ ကျမတို့က တာဝန်ပျက်ကွက်တာ မဟုတ်ဘူး။ စစ်ဘေးရှောင်နေရတာ။ ဒီကာလမှာက အသက်အာမခံ မရှိဘူး။ အကုန်လုံး ဒုက္ခရောက်နေကြတာကို ဒီလိုအရေးယူမယ်ဆိုပြီး လုပ်တာက မတရားဘူး” ဟု မြောက်ဦးမြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်ဖြစ်ပွားသည့် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများမှာ ၈ လကျော် ကြာမြင့်လာပြီး AA က မြို့နယ် ၉ ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ အဆိုပါမြို့များတွင် စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားများ မရှိတော့ဘဲ ဌာနဆိုင်ရာရုံးများလည်း ပိတ်ထားရသည်။