စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသူ အမျိုးသမီးတစ်ထောင်ကျော်နှင့် က‌လေးငယ်ခြောက်ရာကျော် ရှိလာ 

အမျိုးသမီးနှင့် ကလေးငယ်များအပေါ် ဖိနှိပ်သတ်ဖြတ်နေခြင်းမှာ နိုင်ငံတကာ လူ့အခွင့်အရေးသတ်မှတ်ချက်များကို ချိုးဖောက်နေခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်နေသော စစ်ကောင်စီအပေါ် နိုင်ငံတကာ၏ အရေးယူမှုပိုင်းကလည်း အားနည်းနေသေးသည်။ 

By Admin 03 Sep 2024

မေလအတွင်း စစ်ကောင်စီဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားသော ရခိုင်ဒေသခံအမျိုးသမီးများ။
မေလအတွင်း စစ်ကောင်စီဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသွားသော ရခိုင်ဒေသခံအမျိုးသမီးများ။

DMG ၊ စက်တင်ဘာ ၃

နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီသတ်ဖြတ်မှုကြောင့် သေဆုံးသူ အမျိုးသမီး ၁,၁၃၄ ဦးနှင့် ကလေးငယ် ၆၁၄ ဦးထိ ရှိလာနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ပစ်ခတ်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“စစ်ကောင်စီက ဒီလို အမျိုးသမီးတွေကို သတ်ဖြတ်တဲ့အပေါ်မှာ အများကြီး စိတ်မကောင်းဖြစ်ရတယ်။ သူတို့က လုပ်ချင်သလို လုပ်လို့ရတဲ့အနေအထားလို့မြင်တယ်။ ဒီအပေါ်မှာ နိုင်ငံတကာအရေးယူမှုအပိုင်းကလည်း ဘာမှမထူးဘူး” ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီ အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂ ရက်အထိ ဖမ်းဆီးခံထားရသူ အမျိုးသမီး ၅,၆၄၉ ဦးအထိရှိကြောင်း AAPP စာရင်းတွင် ဖော်ပြသည်။
 
အမျိုးသမီးနှင့် ကလေးငယ်များအပေါ် ဖိနှိပ်သတ်ဖြတ်နေခြင်းမှာ နိုင်ငံတကာ လူ့အခွင့်အရေးသတ်မှတ်ချက်များကို ချိုးဖောက်နေခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်နေသော စစ်ကောင်စီအပေါ် နိုင်ငံတကာ၏ အရေးယူမှုပိုင်းကလည်း အားနည်းနေသေးသည်။ 

“မြန်မာနိုင်ငံက အမျိုးသမီး၊ ကလေးသူငယ် အခွင့်အရေး၊ ကာကွယ်ရေးတွေနဲ့ ပတ်သက်ပြီးတော့ ကုလမှာ လက်မှတ်ရေးထိုးထားတာတွေ ရှိတယ်။ အဲဒါတောင် ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတော့ တော်တော်လေး ဆိုးရွားနေပြီ။ နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူဖို့လိုအပ်တယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူများအပေါ် ပစ်မှတ်ထားကာ လေကြောင်းပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ဖမ်းဆီးတရားစွဲဆိုမှု၊ သတ်ဖြတ်မှုများကို နေ့စဉ်ကျူးလွန်နေမှုကြောင့် မလုံခြုံမှုများစွာဖြင့် ဖြတ်သန်းနေကြရသည်။ 

လူသားမဆန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေသော ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် အာဏာရှင်စနစ်ကို အမြစ်ပြတ်တိုက်ခိုက်ရန်သာ ရှိတော့ကြောင်း အမျိုးသမီးအသိုင်းအဝိုင်းက ပြောသည်။ 

“အာဏာရှင်မှန်သမျှနဲ့ ခေတ်အဆက်ဆက် ကျင့်သုံးအမြစ်တွယ်လာတဲ့ ဖိုဝါဒကြီးစိုးမှုတွေကိုလည်း ဒီနွေဦး တော်လှန်ရေးကနေတဆင့် အမြစ်ပြတ်ဖြတ်နိုင်မှသာ ကျမတို့ ဒီပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်” ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက DMG သို့ ပြောဆိုထားသည်။ 

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ၃ နှစ်ကျော်အတွင်း စစ်‌ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သေဆုံးသူ ၅,၅၉၂ ဦးနှင့် မတရားဖမ်းဆီးခံထားရသူ ၂၇,၂၉၄  ဦးအထိရှိကြောင်း AAPP ၏ စက်တင်ဘာ ၂ နေ့အထိ ထုတ်ပြန်ချက်အရ သိရသည်။