အိန္ဒိယနှင့် စစ်ကောင်စီ စစ်ဘက်ဆိုင်ရာပူးပေါင်းမှု မြှင့်တင်မည် 

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၆ ရက်က ဆွေးနွေးခဲ့ကြသည်။ 

By Admin 17 Jul 2024

မြန်မာ - အိန္ဒိယ ဇူလိုင် ၁၆ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲ။ ဓာတ်ပုံ - CINCDS
မြန်မာ - အိန္ဒိယ ဇူလိုင် ၁၆ ရက်နေ့ နေပြည်တော်တွေ့ဆုံပွဲ။ ဓာတ်ပုံ - CINCDS

DMG ၊ ဇူလိုင် ၁၇

မြန်မာ - အိန္ဒိယ နယ်စပ်ဒေသလုံခြုံရေး၊ စစ်ဘက်ဆိုင်ရာများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် စစ်ကောင်စီနှင့် အိန္ဒိယသံအမတ်ကြီးတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၁၆ ရက်က ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ 

ဆွေးနွေးပွဲကို စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ စစ်သံမှူး Colonel Jaswinder Singh Gill နှင့် မြန်မာ-အိန္ဒိယ စစ်တပ်အရာရှိများ တက်ရောက်ခဲ့ကြသည်။ 

အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ နှစ်နိုင်ငံစစ်တပ်များအကြား  ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးအခြေအနေ၊ တရားဥပဒေစိုးမိုးရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ သင်တန်းသားများ အပြန်အလှန်စေလွှတ်ရေး တို့ကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

အလားတူ ယင်းနေ့၌ပင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် အိန္ဒိယသံအမတ်ကြီးတို့ နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ တွေ့ဆုံခဲ့ကြသည်။

နိုင်ငံတဝန်းတွင် အကြမ်းဖက်မှုများ ကျူးလွန်နေသော မြန်မာစစ်ကောင်စီကို ရုရှားနှင့် တရုတ်ပြီးလျှင် အိန္ဒိယက စစ်လက်နက်ပစ္စည်းတင်ပို့နှင့် လေ့ကျင့်ရေးသင်တန်းများ ပံ့ပို့ပေးခြင်းများ ရှိနေသည်။ 

ထို့ကြောင့် စစ်ကောင်စီထံ စစ်လက်နက်၊ နည်းပညာနှင့် လောင်စာဆီရောင်းချနေမှုများကို ချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးများအားလုံးကို ရပ်ဆိုင်းရန် Justice for Myanmar (JFM) က တောင်းဆိုထားသည်။

ဗီဒီယိုများ