မြို့သိမ်းတိုက်ပွဲများအတွင်း AA ခက်ခဲသည့် သံတွဲမြို့သိမ်းတိုက်ပွဲ 

“သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခဲ့သည်” ဟု AA က ထုတ်ပြန်သည်။ 

By Admin 08 Jul 2024

ဇူလိုင် ၅ ရက်တွင် သိမ်းပိုက်လိုက်သည့် သံတွဲလေဆိပ်ရှေ့တွင် တွေ့ရသော AA စစ်သည်တော်များ။ (ဓာတ်ပုံ - AA Info Desk)
ဇူလိုင် ၅ ရက်တွင် သိမ်းပိုက်လိုက်သည့် သံတွဲလေဆိပ်ရှေ့တွင် တွေ့ရသော AA စစ်သည်တော်များ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဇူလိုင် ၈

ရခိုင်ဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို ရောက်ရှိခဲ့ပြီး ခက်ခဲသည့်တိုက်ပွဲဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။ 

သံတွဲမြို့နယ်၊ ရေစင်ကျေးရွာနှင့် ဂွေ့ချောင်းကျေးရွာကြားတွင် စစ်ကောင်စီနှင့် AA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်တွင် သံတွဲတိုက်ပွဲစတင်ခဲ့သည်။ 

ယင်းနောက် ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း မေနှင့် ဇွန်တွင် တိုက်ပွဲများ နေ့စဉ်နီးပါးပြင်းထန်ခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လ ပထမအပတ်အတွင်း တိုက်ပွဲအရှိန်သည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအချိန်ဖြစ်ခဲ့ကြောင်း AA က ဆိုသည်။ 

တိုက်ပွဲကာလအတွင်း စစ်ကောင်စီသည် သံတွဲအခြေစိုက် ခမရ(၅၆၆) နှင့် ခလရ (၅၅) တပ်ရင်းတို့အပြင် တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများဖြစ်သည့် ခလရ (၂၃၅)၊ ခလရ (၂၅၁)၊ ခလရ (၂၅၂)၊ ခလရ (၂၅၃)၊ ခလရ (၂၅၄)၊ ခလရ (၂၅၅)၊ ခလရ (၂၅၆)၊ ခလရ (၂၅၇)၊ ခလရ (၂၅၈)၊ ခလရ (၂၅၉)တပ်ရင်းတို့ဖြင့် ခုခံတိုက်ခိုက်ခဲ့သည်။ 

ခမရ (၃၁၅) (မိတ္ထီလာ-တမခ-၉၉) - လပခ ၊ ခမရ (၃၆၆) (မော်လိုက်-စကခ-၁၀-ကလေး) - နမခ၊ ဧရာဝတီအခြေစိုက် တပ်ရင်းအချို့၊ စစ်ကောင်စီ၏ သံတွဲဒေသခံ ပြည်သူ့စစ်တပ်ရင်းအချို့နှင့် Myanmar Navy SEALs တပ်ဖွဲ့ဝင်များဖြင့်လည်း ခုခံခဲ့ကြကြောင်း AA က ထုတ်ပြန်ထားသည်။ 

ယင်းအပြင် ဘင်္ဂလားပင်လယ်ပြင်တွင် တပ်စွဲထားသည့် ရေတပ်စစ်သင်္ဘော (၅) စီးပါ စစ်ရေယာဉ်စု၊ ကွင်းဝိုင်း၊ သပြုချိုင်၊ ဂျိတ်တော စသည့်နေရာများမှ လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်း၊ အမြောက်အမြား ပစ်ကူပေးပြီး အသည်းအသန် ခုခံကာကွယ်နေခဲ့၍ ခက်ခဲသည် မြို့သိမ်းတိုက်ပွဲဖြစ်ခဲ့ကြောင်း ဆိုသည်။ 

“မိမိတို့မှလည်း ဗျူဟာမြောက်စွာ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ သံတွဲမြို့သိမ်းတိုက်ပွဲ၏ စစ်ရေးအခြေအနေသည် အပြင်းထန်ဆုံးနှင့် အမြင့်ဆုံးအနေအထားသို ရောက်ရှိခဲ့ပြီး အာရက္ခဒေသ မြို့သိမ်းတိုက်ပွဲများအတွင်း ခက်ခဲသော မြို့သိမ်းတိုက်ပွဲလည်းဖြစ်ခဲ့သည်” ဟု AA က ထုတ်ပြန်သည်။ 

ရခိုင်ပြည်တောင်ပိုင်းရှိ အကြီးဆုံးခရိုင်မြို့ဖြစ်သည့် သံတွဲမြို့ကို AA လက်ထဲမရောက်စေရန် စစ်ကောင်စီက ကြည်း၊ ရေ၊ လေပစ်ကူများဖြင့် အပြင်းအထန်ခုခံနေသည်ဟု သံတွဲဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“ဒီမြို့သာ AA လက်ထဲကို ရောက်သွားမယ်ဆိုရင် ရခိုင်တောင်ပိုင်းကို AA က အပြည့်အဝ ထိန်းချုပ်သွားနိုင်မယ့် သဘောရှိတယ်။ တခြားလက်ကျန်မြို့တွေကို တိုက်ဖို့ ထောက်ပို့လမ်းကြောင်းတွေမှာ အားသာချက်ရှိသွားမှာ ဖြစ်တယ်” ဟု သူက ပြောသည်။ 

AA သည် သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်တွင် သိမ်းပိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်စွဲထားသော သံတွဲလေဆိပ်ကို ဇူလိုင် ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ သံတွဲမြို့ အနီးပတ်ဝန်းကျင်ရှိ အခြားသော စစ်ကောင်စီစခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း AA က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။ 

သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့အလောင်း(၄၀၀)ကျော်၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ပြီး ရန်သူ့အလောင်းများအား ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်သည်ဟုလည်း ဆိုသည်။ 

လက်ရှိတွင် သံတွဲလက်ကျန်တပ်ရင်း ခလရ(၅၅) ကို ဆက်လက်ထိုးစစ်ဆင်နေပြီး ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများကို AA က လိုက်လံချေမှုန်းနေသည်။ 
စစ်ကောင်စီကလည်း ခလရ (၅၅) နှင့်အတူ တပ်မ (၁၀၁) လက်အောက်ခံ၊ ပခုက္ကူအခြေစိုက် ခလရ (၂၅၂) တပ်ရင်းနှင့် အခြားအမည်မသိ တပ်ရင်းအချို့အပြင် ရေကြောင်း၊ လေကြောင်းတို့ဖြင့် ခုခံတိုက်ခိုက်နေ၍ တိုက်ပွဲများ ပြင်းထန်နေသည်။ 

“ငပလီဖက်မှာ ခလရ (၅၅) က လက်ကျန်စစ်ကောင်စီတပ်သားတွေနဲ့ AA တို့အကြား တိုက်ပွဲပြင်းထန်နေတုန်းပဲ။ သံတွဲထောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က မနေ့ညနေပိုင်းကစပြီး ငပလီဖက်ကို လက်နက်ကြီး လှမ်းပစ်တာရှိတယ်” ဟု သံတွဲမြို့ခံ တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် သံတွဲဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ခံတစ်ထောင် နီးပါးခန့်မှာ အကြောင်းအမျိုးမျိုးကြောင့် မြို့အတွင်း၌ ကျန်ရှိနေသေးကြောင်း သိရသည်။
 
သံတွဲတိုက်ပွဲ နှစ်လကျော်အတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်သတ်ဖြတ်မှုတို့ကြောင့် သံတွဲမြို့နယ်အတွင်း အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁၃၀ ကျော် အထိရှိနေသည်။

ဗီဒီယိုများ