သံတွဲ စခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေ 

ယနေ့ နံနက်ပိုင်းမှစ၍ ခလရ (၅၅) တပ်ရင်းကို AA က တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းအထန်ခုခံနေသဖြင့် ငပလီကမ်းခြေတစ်လျှောက် တိုက်ပွဲပြင်းထန်နေသည်။ 

By Admin 26 Jun 2024

စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - The New Humanitarian) 
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - The New Humanitarian) 

DMG ၊ ဇွန် ၂၆

ရခိုင်ပြည်၊ သံတွဲအခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုကို အာရက္ခတပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ရှိန်မြှင့် တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်။ 

ယနေ့ နံနက်ပိုင်းမှစ၍ ခလရ (၅၅) တပ်ရင်းကို AA က တိုက်ခိုက်နေပြီး စစ်ကောင်စီဖက်ကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အပြင်းအထန်ခုခံနေသဖြင့် ငပလီကမ်းခြေတစ်လျှောက် တိုက်ပွဲပြင်းထန်နေသည်။ 

“ပစ်ခတ်သံတွေ အဆက်မပြတ်ကြားရတယ်။ စစ်ကောင်စီက ဂျက်ဖိုင်တာနဲ့ ဗုံးကြဲတယ်။ ‘ဂျိမ်း ဂျိမ်း’နဲ့ အသံတွေ တအားမြည်တယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေကြတာ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ 

ငပလီမြို့ရှိ စစ်ကောင်စီတပ်စွဲထားသည့် သံတွဲလေဆိပ်ကို အာရက္ခတပ်တော်(AA)က ဇွန်လ ၂၂ ရက်တွင် သိမ်းပိုက်ပြီးနောက် ကျန်တပ်စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီ၏ ခမရ (၅၆၆) တပ်ရင်းကို AA က သိမ်းပိုက်ထားကြောင်း သတင်းများထွက်ပေါ်နေပြီး DMG က သီးခြားအတည်နိုင်ပြုခြင်း မရှိသေးပေ။ 

“စစ်ကောင်စီက ခမရ(၅၆၆)ကနေ ဆုတ်ခွာပြီးတော့ ခလရ(၅၅)မှာ စုခံနေကြတယ်လို့ သိရတယ်။ သဘောကတော့ ခမရ(၅၆၆) ကို AA သိမ်းလိုက်ပြီလို့ ပြောလို့ရတယ်။ ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေနဲ့ မောင်ရွှေလေးရေတပ်ကလည်း လက်နက်ကြီးပစ်ခတ်တာရှိတယ်” ဟု သံတွဲဒေသခံ နောက်တစ်ဦးက ပြောသည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏ ခမရ (၅၆၆)၊ ခလရ (၅၅)နှင့် မောင်ရွှေလေးရေတပ်တို့ အခြေစိုက်ထားသည်။ သံတွဲမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မရဲစခန်း၊ အ.ထ.က(၁)ကျောင်းတို့တွင် အင်အားဖြည့်တင်းကာ ခံစစ်အခိုင်အမာပြုလုပ်ထားကြောင်း သိရသည်။ 

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လကျော်လာပြီဖြစ်သည်။ တိုက်ပွဲကာလ စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ အများအပြားရှိနေပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူ ဦးရေလည်း ၅ သောင်းကျော်ထိ တိုးလာနေသည်။  

“သံတွဲမြို့နယ်အတွင်းမှာ ရှိနေကြတဲ့ စစ်ရှောင်တွေနဲ့ ဒေသခံတွေအတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးက တကယ့်ကို အရေးတကြီးလိုအပ်နေတယ်။ အရေးအကြီးဆုံးက ဆေးဝါးပဲ။ အခုကအနီးအနားမှာလည်း ဝယ်မရဘူး” ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။  

ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်(AA)၏ ထိုးစစ်မှာ အမ်း၊ သံတွဲအပြင် တောင်ကုတ်၊ ကျောက်ဖြူမြို့နယ်အထိ ကျယ်ပြန့်လာနေသည်။ မြို့နယ်အများအပြား လက်လွှတ်ဆုံးရှုံးခံထားရသော စစ်ကောင်စီသည် ကျန်မြို့နယ်များ မကျရှုံးရေးအတွက် ခံစစ်အခိုင်အမာဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။  

ဗီဒီယိုများ