မောင်တော အလယ်သံကျော်စခန်းကို AA ဝိုင်းရံပိတ်ဆို့ထား

မောရဝတီအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၄)ကို AA က သိမ်းပိုက်ပြီးနောက် အလယ်သံကျော်စခန်းကို ဝိုင်းရံပိတ်ဆို့ထားခြင်း ဖြစ်သည်။ 

By Admin 11 Jun 2024

မောင်တော အလယ်သံကျော်စခန်းကို AA ဝိုင်းရံပိတ်ဆို့ထား

DMG ၊ ဇွန် ၁၁

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများထဲမှ အလယ်သံကျော်စခန်းကို အာရက္ခတပ်တော်(AA)က ဝိုင်းရံပိတ်ဆို့ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များထံမှ သိရသည်။ 

မောရဝတီအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ(၄)ကို AA က သိမ်းပိုက်ပြီးနောက် အလယ်သံကျော်စခန်းကို ဝိုင်းရံပိတ်ဆို့ထားခြင်း ဖြစ်သည်။ 

“ဒီနေ့ထိတော့ တိုက်ပွဲဖြစ်တာ မရှိသေးဘူး။ အဲဒီစခန်းကိုသိမ်းပိုက်နိုင်ရေး AA က အားယူနေတာထင်တယ်။ မနေ့ကတော့ အဲဒီစခန်းအနီးအနားတွေကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မောင်တော်မြို့နယ်ရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင် နခခ(၆) နှင့် နခခ (၉) တို့ကို ဇွန်လ ၂ ရက်မှစ၍ AA က တစ်ပြိုင်တည်း ထိုးစစ်ဆင်ပြီးနေက် ဇွန်လ ပထမပတ်အတွင်း အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

ထို့နောက် မောရဝတီစခန်းကို တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွား၍ ဇွန်လ ၉ ရက်တွင် AA က ယင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

မောရဝတီစခန်းနှင့် နခခ(၉)မှ ထွက်ပြေးလာသည့် တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များ စစ်လှေနစ်မြုပ်ပြီး အလယ်သံကျော်ကမ်းခြေတွင် သောင်တင်နေသည့်ဗီဒီဖိုင်တစ်ခု လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေသည်။ 

မောင်တောတွင် စစ်ကောင်စီ၏ နခခ(၂) လေးမိုင်၊ နခခ (၈) မြို့သူကြီး၊ အလယ်သံကျော်စခန်းနှင့် နားခေါင်းတိုစခန်း တို့သာ ကျန်ရှိတော့သည်။

“မောင်တောမြို့နယ်က စစ်ကောင်စီတပ်စခန်းအားလုံးကို AA က သိမ်းပိုက်ပြီးရင်တော့ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး မောင်တောမြို့လည်း အေအေလက်ထဲ ရောက်တော့မှာပါ” ဟု စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။ 

မောင်တောမြို့နယ်ရှိ လက်ကျန်တပ်စခန်းများကို သိမ်းပိုက်နိုင်ရေးအတွက် အရှိန်မြှင့်ပြီး တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီတပ်သားအနေဖြင့် အသက်အန္တရာယ်ကင်းဝေးလိုပါက အမြန်ဆုံးလက်နက်ချကြရန် AA က သတိပေးထားသည်။ 

ဗီဒီယိုများ