- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲမှ ကိုဗစ်အတည်ပြုလူနာနှင့် ဆက်စပ်သူ ၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိ
ရခိုင်ပြည်၊ သံတွဲမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့် ဆက်စပ်သူ ၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိရကြောင်း ဇွန်လ ၂၅ ရက်နေ့က သံတွဲမြို့နယ်ဆေးရုံအုပ်မှ အတည်ပြုပြောကြားသည်။
26 Jun 2021
DMG ၊ ဇွန် ၂၆
ရခိုင်ပြည်၊ သံတွဲမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့် ဆက်စပ်သူ ၃ ဦးထံ ကိုဗစ်ပိုးတွေ့ရှိရကြောင်း ဇွန်လ ၂၅ ရက်နေ့က သံတွဲမြို့နယ်ဆေးရုံအုပ်မှ အတည်ပြုပြောကြားသည်။
သံတွဲမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ကျွဲသောက်ကုန်း (အ.လ.က) ကျောင်းတွင် တာဝန်ကျနေသည့် ဆရာမတစ်ဦးတွင် ဇွန်လ ၂၄ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ၎င်းနှင့်ဆက်စပ်သူ ၂၀ ဦးကို ကွာရင်တင်းထားကာ ကူးစက်မှု ရှိမရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာ ကိုဗစ်အတည်ပြုလူနာ ၄ ဦးနှင့် စောင့်ကြည့်လူနာများကို ငပလီဆေးရုံ၌ ဆေးကုသပေးလျက်ရှိပြီး အားလုံးကျန်းမာရေးကောင်းမွန်ကြောင်း သံတွဲမြို့နယ်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက ပြောသည်။
“မနေ့ကတည်းက သူနဲ့ဆက်စပ်သူ အယောက် ၂၀ ကို ငပလီဆေးရုံမှာ သီးခြားထားတယ်ဗျ။ ထပ်တိုးက စောင့်ကြည့် ၂၀ ထဲက ၃ ဦးထပ်တိုးတာရှိတယ်။ လူနာအကုန်လုံးကျန်းမာရေးကောင်းကြတယ်” ဟု ၎င်းကဆိုသည်။
ကိုဗစ်ထပ်တိုးအတည်ပြုလူနာ ၃ ဦးမှာ ပထမ ပိုးတွေ့အတည်ပြုဆရာမ၏ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။
ကျောင်းဆရာမတစ်ဦး ပိုးတွေ့ရှိခဲ့သည့် ကျွဲသောက်ကုန်း (အ.လ.က) ကျောင်းကို လက်ရှိမှာ ဖွင့်လှစ်ထားခြင်း ရှိမရှိနှင့် အဆိုပါကျောင်းတွင် မည်ကဲ့သို့ဆောင်ရွက်ထားသည်များကို သိလို၍ သံတွဲမြို့နယ်စစ်ကောင်စီ ဥက္ကဋ္ဌ အား ဆက်သွယ်မေးမြန်းရာ အစည်းအဝေးပြုလုပ်နေသဖြင့် မအားသေးကြောင်း ပြောဆိုခဲ့သည်။
အဆိုပါ ကျောင်းအနီးတွင် နေထိုင်သည့် အမည်မဖော်လိုသူတစ်ဦးက လက်ရှိမှာ ကျောင်းအားပုံမှန်အတိုင်း ဖွင့်လှစ်ထားပြီး ကျောင်းသားများမှာ ကျောင်းတက်ရန် မရောက်ရှိကြကြောင်း ပြောဆိုသည်။
“ကျောင်းကတော့ ဖွင့်ထားတယ်။ ကျောင်းသားတွေက မနေ့ကတည်းက မရောက်ကြတော့ဘူး။ အဲဒီကိုဗစ် ဖြစ်တဲ့ သတင်းကြားပြီးတော့ ကူးစက်ခံရမှာကိုစိုးရိမ်လို့ ကျောင်းသားမိဘတွေက သားသမီးတွေကို မလွှတ် ကြတော့ဘူး” ဟု ၎င်းကဆိုသည်။
ယင်းကျောင်းတွင် ကျောင်းသားစုစုပေါင်း ၉၀၀ ခန့်ရှိကြောင်းသိရပြီး သားသမီးများအတွက် စိုးရိမ်မှုရှိကြောင်း ကျောင်းသားမိဘများမှ ပြောသည်။
ဂျိတ္တောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်က ကျွဲသောက်ကုန်း (အ.လ.က)ကျောင်းအား ပိတ်မည်၊ မပိတ်မည်ကို ညွှန်ကြားချက်မရရှိသေးကြောင်း ပြောသည်။
“ကျောင်းကတော့ဖွင့်ထားတယ်။ တက်တဲ့ကလေးတွေရှိသလို မတက်တဲ့ကလေးတွေလည်းရှိတယ်။ ပိတ်မယ်၊ ဖွင့်မယ်ဆိုတာ အထက်ကညွှန်ကြားချက်မပေးသေးဘူး။ မနက်ဖြန်အစည်းအဝေးဆုံးဖြတ်မှ သိရမယ်” ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်တွင် မနေ့က ဇွန်လ ၂၅ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၉၀ ဦးခန့် ရှိလာနေပြီး ၎င်းတို့မှာ စစ်တွေ၊ မောင်တောနှင့် သံတွဲမြို့နယ်တို့မှ ဖြစ်ကြသည်။