- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က မြို့နယ် ၁၃ မြို့နယ်တွင် ကိုဗစ်ပိုးကူးစက်ခံရသူ ၆၀၀ ကျော်ရှိလာပြီး ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေဟုဆို
ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၃ မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၆၀၀ ကျော်အထိရှိလာနေပြီး ကိုဗစ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
09 Jul 2021
DMG ၊ ဇူလိုင် ၉
ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၁၃ မြို့နယ်တွင် ကိုဗစ်ကူးစက်ခံရသူ ၆၀၀ ကျော်အထိရှိလာနေပြီး ကိုဗစ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“ရခိုင်ပြည်နယ်အနေနဲ့တော့ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ထိန်းချုပ်ဖို့ဆောင်ရွက်နေတာပေါ့” ဟု ၎င်းက ဆိုသည်။
မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေ၊ မောင်တော၊ သံတွဲ၊ တောင်ကုတ်၊ မြေပုံ၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြား၊ ဂွ၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့်မြို့နယ်များတွင် ကိုဗစ်အတည်ပြုလူနာ ၆၁၇ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခင် ကိုဗစ်ဒုတိယလှိုင်းဖြစ်စဉ်တုန်းက လူမှုအဖွဲ့အစည်းများနှင့် လူငယ်များက ကျန်းမာရေးလုပ်အားပေး (Volunteer)များအဖြစ် တက်တက်ကြွကြွနှင့်ပူးပေါင်းပါဝင်ခဲ့ကြသော်လည်း လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှု များကြောင့် volunteer များ အားနည်းနေကြောင်း ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။
“အရင် second wave တုန်းကတော့ ပြည်မဖက်က volunteer တွေ ရှိကောင်းရှိမှာပေါ့။ အခုတော့ ကျနော် တို့မှာ အဲဒီဖက်က volunteer တွေကတော့ အလျှော့အတင်းရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရခိုင်ကအသင်းအဖွဲ့အချို့နှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။
လတ်တလောတွင် ကိုဗစ်ပိုးတွေ့လူနာများအားကုသရန် ဆေးဝါးပစ္စည်းလုံလောက်မှုရှိပြီး ပိုးတွေ့ လူနာထပ်တိုး လာမည်ဆိုပါက ဆေးဝါးလုံလောက်မှုရှိစေရန် အကူအညီတောင်းခံထားကြောင်းလည်း ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“လောလောဆယ်တော့ လူနာအနေအထားနဲ့ ကျနော်တို့ ဟန့်တားလုပ်လို့ ရနေသေးတယ်ပေါ့နော်။ ကိုင်တွယ် ဖြေရှင်းလို့ရနေသေးတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးတွင် ဇူလိုင်လ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၆၀၀ ကျော်အထိရှိပြီး ယင်းအထဲမှ ဆေးကုသမှုခံယူနေသူ ၅၀၀ ကျော်၊ ဆေးရုံဆင်းခွင့်ရသူ ၁၀၀ ကျော်နှင့် သေဆုံးသူ ၇ ဦးအထိ ရှိလာနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏စာရင်းအရ သိရသည်။