ရခိုင်ပြည်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၀၀ ကျော်အထိရှိလာ

ရခိုင်ပြည်၊ မင်းပြားမြို့တွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၄၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

02 Jul 2021

DMG ၊ ဇူလိုင် ၂

ရခိုင်ပြည်၊ မင်းပြားမြို့တွင် အသက် (၄) နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ပြီး ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းအထိ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၄၈ ဦးရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများမှာ စစ်တွေ၊ မောင်တော၊ သံတွဲ၊ မင်းပြား၊ တောင်ကုတ်မြို့နယ်များမှ ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“ မနေ့က မင်းပြားမှာ တစ်ဦးတွေ့တယ်။ အဲဒီကလေးကို ဘာလို့တွေ့သလဲဆိုတာကိုတော့ ကျနော်အသေးစိတ်မရှိသေးဘူး။ မနေ့က ညနေအထိတော့ ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၄၈ ဦးရှိပါတယ်။ အကုန်လုံးကတော့ ကျန်းမာရေး ကောင်းကြပါတယ်” ဟု ပြောသည်။

ထိုရောဂါပိုးတွေ့ရှိများထဲမှ ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ စစ်တွေမြို့ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ထိုအမျိုးသမီးမှာ ဆီးချိုရောဂါအခံရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်တွင် ကိုဗစ်ရောဂါသေဆုံးသူရှိလာသည့်အတွက် COVID 19 နှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း လူ ၅၀ ဦးထက် ပိုမစုရန်၊ မလိုအပ်ဘဲ အိမ်အပြင်သို့ မထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေရန်၊ အပြင်ထွက်တိုင်း Mask တပ်ရန်နှင့် မကြာခဏ လက်ဆေးရန်တို့ကို ပြုလုပ်ရန် လိုအပ်ကြောင်း ဒေါက်တာ စိုးဝင်းပိုင်က တိုက်တွန်းထားသည်။