MNDAA ထိန်းချုပ်ဒေသတွင် ကျန်းမာရေးကဏ္ဍကို CDM ဝန်ထမ်းအများစုဖြင့် လည်ပတ်နေ 

လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးကို ဩဂုတ် ၁၁ ရက်မှစကာ ပြန်လည်ပတ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့် လူမျိုးဘာသာမရွေး ကုသမှုခံယူနိုင်ကြောင်း ဆရာဝန် ဒေါက်တာဘသက်က ပြောသည်။ 

By Admin 20 Aug 2024

လားရှိုးမြို့ဆေးရုံကြီးတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်။ 
လားရှိုးမြို့ဆေးရုံကြီးတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဩဂုတ် ၁၆ ရက်က တွေ့ရစဉ်။ 

DMG ၊ ဩဂုတ် ၂၀ 

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်၊ အထူးဒေသ (၁) ၏ ကျန်းမာရေးဌာနကို CDM ဝန်ထမ်း အများစုအပါအဝင် ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ ခန့်ဖြင့် လည်ပတ်နေကြောင်း MNDAA က ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။ 

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနောက်ပိုင်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အထူးဒေသ (၁) ၏ ကျန်းမာရေးဌာနကို အကောင်အထည်ဖော် လည်ပတ်ခဲ့ခြင်းဖြစ်သည်ဟု အထူးဒေသ (၁) ကျန်းမာရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ CDM ဆရာဝန် ဒေါက်တာဘသက်က ပြောဆိုသည်။ 

“ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ လောက်နဲ့ ကျနော်တို့ လည်ပတ်နေတယ်။ ကုသရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ လည်ပတ်နေတာဖြစ်တယ်” ဟု ပြောသည်။ 

တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေး တန်းတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရန်၊ အဘက်ဘက်က ယိုယွင်းနေသည့် ကျန်းမာရေးစနစ် အဆင်မြှင့်တင်ရန်၊ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်ရန်နှင့် ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အလုပ်အကိုင်ရရှိစေရန် ကျန်းမာရေးဌာနကို အကောင်အထည်ဖော်ရခြင်းဟု ဆိုထားသည်။ 

ယခုလအစောပိုင်းက သိမ်းပိုက်ထားသည့် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးကိုလည်း ဩဂုတ် ၁၁ ရက်မှစကာ ပြန်လည်ပတ်နေပြီး ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့် လူမျိုးဘာသာမရွေး ကုသမှုခံယူနိုင်ကြောင်း ဆရာဝန် ဒေါက်တာဘသက်က ပြောသည်။ 

“လူနာတွေကလည်း တစ်ရက်ထက်တစ်ရက် ပိုပိုပြီးတော့ များလာပါတယ်။ တိုက်ပွဲအတွင်းမှာ ဒဏ်ရာရထားတဲ့ စစ်သုံ့ပန်းတချို့ကိုလည်း ကုသမှုပေးနေပါတယ်” ဟု သူက ဆက်ပြောသည်။ 

ယင်းအပြင် လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးကို ခေတ်မီဆေးဝါးများ၊ ခေတ်မီစက်ကိရိယာများ ဖြည့်စွက်ပြီး နိုင်ငံတကာအဆင့်မီ ဆေးရုံကြီးဖြစ်အောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ ဘသက်က ဆိုသည်။ 

လားရှိုးမြို့အပါအဝင် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA နှင့် ပူးပေါင်းတပ်များက ဩဂုတ် ၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။