မောင်တော ဒေသခံ ၁၅,၀၀၀ ကျော် AA ကယ်ထုတ်ထားနိုင်

မောင်တောမြို့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ နှင့် လသာ၊ ရွှေဇား၊ လဘော်ဇား၊ မောင်နီပြင်၊ ကညင်တန်း၊ ပန်းတောပြင် စသည့်ကျေးရွာများမှ မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူများအပြင် အခြားမျိုးနွယ်စုဝင်များကို ကယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

By Admin 15 Aug 2024

မောင်တောဒေသခံများအား ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်က ကယ်ထုတ်လာစဉ်။
မောင်တောဒေသခံများအား ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်က ကယ်ထုတ်လာစဉ်။

DMG ၊ ဩဂုတ် ၁၅

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲများပြင်းထန်နေသော ရခိုင်ပြည်၊ မောင်တောမြို့နှင့် အနီးအနား ကျေးရွာများတွင်ပိတ်မိနေသည့် ဒေသခံသောင်းနှင့်ချီကို  ပြီးခဲ့သည့်ရက်ပိုင်းအတွင်း AA က ကယ်ထုတ်နိုင်ခဲ့ကြောင်း DMG သတင်းရင်းမြစ်များထံမှ သိရသည်။

မောင်တောမြို့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ နှင့် လသာ၊ ရွှေဇား၊ လဘော်ဇား၊ မောင်နီပြင်၊ ကညင်တန်း၊ ပန်းတောပြင် စသည့်ကျေးရွာများမှ မွတ်ဆလင်၊ ရခိုင်၊ ဟိန္ဒူများအပြင် အခြားမျိုးနွယ်စုဝင်များကို ကယ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ 

“AA ကတော့ ဆက်တိုက် ကယ်ထုတ်ပေးနေတာ။ အခုဆို ဒေသခံတော်တော်များများ ဘေးကင်းတဲ့နေရာတွေမှာပါ။ လေကြောင်းအန္တရာယ်ကလွဲပြီး လုံခြုံတယ်လို့ ဆိုရမှာပေါ့။ ကယ်ထုတ်တဲ့အထဲမှာ မွတ်ဆလင်တွေရော၊ ရခိုင်တွေရော တခြားလူမျိုးတွေ အကုန်ပါပါတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ်လ ၇ ရက်တွင် လသာရပ်ကွက်မှ ဒေသခံ ၄,၀၀၀ ကျော်၊ ဩဂုတ် ၉ ရက်တွင် ကညင်တန်း၊ ပန်းတောပြင်၊ ညောင်ချောင်းကျေးရွာတို့မှ ဒေသခံ ၇,၀၀၀ ကျော်၊ ဩဂုတ် ၁၀ ရက်တွင် ဗိုလ်မှူးရွာနှင့် မောင်နီပြင်ရွာတို့မှ ဒေသခံ ၁,၀၀၀ ကျော်၊ ဩဂုတ် ၁၂ နှင့် ၁၃ ရက်တွင် မောင်တောမြို့တွင်းမှ ဒေသခံ ၁,၀၀၀ ခန့်၊ ဩဂုတ် ၁၄ ရက်တွင်လည်း မြို့တွင်းမှ ဒေသခံ ၁,၀၀၀ ကျော်ကို AA က ကယ်ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

ဘေးလွတ်ရာဒေသသို့ ရောက်ရှိနေသူများအတွက် နေထိုင်ရန်နေရာ၊ စားနပ်ရိက္ခာများ၊ ကျန်းမာရေး စောင့်ရှောက်မှုများကို AA က တတ်နိုင်သလောက် ထောက်ပံ့ပေးထားကြောင်း သိရသည်။

“ဒေသခံတွေကိုတော့ အထိအခိုက်မရှိအောင် တတ်နိုင်သလောက် ကယ်ထုတ်ပြီး လုံခြုံတဲ့နေရာမှာ နေရာချပေးထားတယ်။ ကျန်မာရေးစောင့်ရှောက်မှု၊ ရိက္ခာထောက်ပံ့တာတွေလည်း လုပ်ပေးနေတယ်။ လူများတော့ နောက်ထပ်အဖွဲ့အစည်းတွေကလည်း ဝိုင်းကူဖို့လိုတယ်။ လိုအပ်ချက်တွေလည်း ရှိသေးတာပေါ့” ဟု မောင်တောဒေသခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ 

မောင်တောဒေသခံများ နေရပ်စွန့်ခွာရှောင်တိမ်းကြရန် AA က သတိပေးထုတ်ပြန်မှုများ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီနှင့် အပေါင်းပါ မွတ်ဆလင်လက်နက်ကိုင်များက ရှောင်တိမ်းခွင့်မပြုဘဲ ပိတ်ဆို့ထားမှုကြောင့် AA က တိုက်ပွဲကြားမှ ကယ်ထုတ်နေရခြင်း ဖြစ်သည်။ 

လက်ရှိတွင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းဖြစ်သည့် နခခ (၅) မြို့သူကြီးအား အာရက္ခတပ်တော်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။