မောင်တော နခခ(၅)မှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ပြေးနေ

ရခိုင်ပြည်၊ မောင်တောမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လက်ကျန်စခန်း မြို့သူကြီး နခခ (၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

By Admin 31 Jul 2024

၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း မောင်တော နခခ(၆) အင်းဒင်စခန်းကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်။ (ဓာတ်ပုံ - AA Info Desk)
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း မောင်တော နခခ(၆) အင်းဒင်စခန်းကို AA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဇူလိုင် ၃၁ 

ရခိုင်ပြည်၊ မောင်တောမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး လက်ကျန်စခန်း မြို့သူကြီး နခခ (၅) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာ ထွက်ပြေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၂၉ ရက်နေ့တွင် နခခ (၅) စခန်းကြီးအား အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇူလိုင်လ ၃၀ ရက်နေ့ ညဉ့်အချိန်တွင် စစ်ကောင်စီက တပ်ဆုတ်ပြေးသွားခြင်းဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“စစ်ကောင်စီတပ်သား သုံးရာလောက်က မြို့အဝင်ဘက်ကို တပ်ဆုတ်ပြေးရင်း ပစ်နေတယ်။ ကျန်တဲ့ နှစ်ရာလောက်က နခခ (၅)အနီးမှာပဲ ပစ်ခတ်ရင်းတပ်ဆုတ်နေတယ်။ နှစ်ဘက်တိုက်ပွဲ တော်တော်ပြင်းနေတယ်။ စစ်ကောင်စီဘက်က မွတ်ဆလင်လက်နက်ကိုင်တွေပါ ဝင်တိုက်ပေးနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ နံနက် ၁၀ နာရီအချိန်က ပြောသည်။ 

တိုက်ပွဲအတွင်း မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များကလည်း စစ်ကောင်စီနှင့်ပူးပေါင်း၍ AA ကို တိုက်ခိုက်နေပြီး  မောင်တောမြို့တွင်းနှင့် စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းပစ်ကူခြင်းများ တပြိုင်တည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

“လေယာဉ်က မနက်အရုဏ်တက်ကတည်းက အခုအထိ ပစ်နေတာ။ နခခ (၅) တပ်အနီးကိုပဲ ဗုံးကြဲနေတာ။ နတ်မြစ်မှာရှိတဲ့ နေဗီတွေကလည်း ပစ်တယ်။ စစ်ကောင်စီကတော့ ကြည်းရေလေ ပူးပေါင်းစစ်ကူပေးနေတာ။ သတင်းကြားရသလောက် နခခ (၅) မှာ AA က ဖမ်းဆီးရမိတဲ့သူတွေရှိသလို တပ်မဆုတ်ဘဲ စခန်းထဲမှာပဲ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေလည်း ရှိသေးတယ်လို့ သိထားတယ်။  အရေအတွက်ကို မသိရသေးဘူး” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

မောင်တောမြို့နယ်ရှိ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားသော AA သည် မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို့ တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း တစ်ခုတည်းသော လက်ကျန်စခန်းနှင့်အတူ မောင်တောမြို့ မကျဆုံးရေး အင်အားဖြည့်တင်းကာ ခုခံနေခြင်းဖြစ်သည်။ 

BNI - Myanmar Peace Monitor ၏ မှတ်တမ်းများအရ ဇူလိုင် ၃ ရက်မှ ၁၆ ရက်ထိ သံတွဲနှင့် မောင်တောတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲ ၂၁ ကြိမ်ထိဖြစ်ပွားခဲ့ပြီး တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် တိုက်ပွဲအများဆုံးဖြစ်သည်။ 

စစ်ကောင်စီသည် ‌မောင်တောမြို့ရှိဒေသခံများကို နည်းမျိုးစုံဖြင့်စည်းရုံးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး မြို့ကို အကာအကွယ်ယူနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ 

ယင်းအပြင် စစ်ကောင်စီလည်း မောင်တောမြို့ ပတ်ပတ်လည်ရှိ လမ်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲဖျက်ဆီးခြင်းများ ပြုလုပ်ထားကြောင်း ဒေသခံများက ပြောသည်။