ရခိုင်တောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ရေး AA ကူညီမည်

တောင်သူများအတွက် သွင်းအားစုစရိတ်၊ အရန်မျိုးစပါး၊ စက်သုံးဆီ၊ ထွန်စက် စသည့် လယ်ယာသုံးပစ္စည်းများ ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

By Admin 10 Jun 2024

ရခိုင်တောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ရေး AA ကူညီမည်

DMG ၊ ဇွန် ၁၀ 

ရခိုင်ပြည်အတွင်းက တောင်သူလယ်သမားများ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီပေးဆောင်ရွက်ပေးသွားမည်ဟု အာရက္ခတပ်တော်(AA)က ပြောဆိုလိုက်သည်။ 

တောင်သူများအတွက် သွင်းအားစုစရိတ်၊ အရန်မျိုးစပါး၊ စက်သုံးဆီ၊ ထွန်စက် စသည့် လယ်ယာသုံးပစ္စည်းများ ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။ 

“တောင်သူတွေ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစု၊ စက်သုံးဆီလိုအပ်ချက်တွေကို စိန်ခေါ်မှုတွေကြားက အချိန်မီဖြန့်ဖြူးပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အရန်မျိုးစပါးထုတ်လုပ်ခြင်း၊ သားငါးပုစွန် သားဖောက်လုပ်ငန်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းအပြင် မွေးမြူရေးလုပ်ငန်းကိုလည်း AA က အစီအမံချမှတ် လုပ်ဆောင်နေကြောင်း သိရသည်။  

ရခိုင်ပြည်သို့ အဓိကကုန်စည်စီးဆင်းနေသည့် ကုန်းလမ်း၊ ရေလမ်းတို့ကို တိုက်ပွဲများစတင်ချိန်မှစ၍ စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ရခိုင်တွင် ကုန်ပစ္စည်းများပြတ်တောက်ပြီး ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်။ 

ထို့ကြောင့် ရခိုင်က လယ်သမားများမှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် စိန်ခေါ်များရှိနေကြသည်။

ယခင်နှစ်က ဓာတ်မြေဩဇာ တစ်အိတ်လျှင် ငွေကျပ်တစ်သိန်းကျော်ရှိပြီး ယခုနှစ်တွင် သုံးသိန်းကျော်ထိရှိနေသည်။ ယင်းအပြင် လီတာ ၁၀၀ ဆံ့ ဒီဇယ်ဆီ တစ်ပီပါလျှင် ယခင်နှစ်က ငွေကျပ် ငါးသိန်းကျော်သာရှိပြီး ယခုနှစ်တွင် သိန်း ၂၀ ဝန်းကျင် ပေါက်ဈေးရှိနေသည်။ 

“ကျနော့်မှာ မိုးစပါးစိုက်ဖို့ အနည်းဆုံး စက်သုံးဆီတစ်ပီပါလောက်ကုန်မယ်။ အခု သိန်းနှစ်ဆယ်လောက်ရှိနေတော့ မဝယ်နိုင်သေးဘူး။ ဓာတ်မြေဩဇာဆိုရင်လည်း မဝယ်နိုင်သေးဘူး။ မောင်တောဒေသကို အေအေသိမ်းနိုင်ခဲ့ရင် အဲဒီဖက်ကများ စက်သုံးဆီတွေရနိုင်မလားလို့ စောင့်ကြည့်နေတယ်။ အခု အေအေက ရခိုင်တောင်သူတွေအတွက် ကူညီပေးမယ်ဆိုရင်တော့ ဝမ်းသာပါတယ်” ဟု ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာမှ လယ်သမား ဦးမောင်ဖြူက ပြောသည်။

ယခုနှစ် မိုးပါးစိုက်ပျိုးရာတွင် လယ်တစ်ဧကလျှင် သွင်းအားစုစရိတ် ငွေကျပ် ၁၀ သိန်းနှင့်အထက်ရှိနိုင်ကြောင်း တောင်သူများက ခန့်မှန်းကြသည်။ တောင်သူများမှာ သွင်းအားစုစရိတ်အပြင် နောက်ထပ်စိန်ခေါ်မှုများလည်း ရှိနေသည်။

လယ်ယာလုပ်ငန်းခွင်နှင့် နီးစပ်သည့်နေရာများတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များ၊ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို တောင်သူများက စိုးရိမ်ကြောက်လန့်နေကြသည်။ 

“လေယာဉ်လာရင် ကြောက်နေရတယ်။ ဒါပေမဲ့ လုပ်စားရမှာက ဒီတစ်ခုရှိတော့ စွန့်စားပြီးလုပ်ရတော့မယ်။ လယ်ကွင်းပြင်မှာက လက်နက်ကြီးကျည်တွေ၊ ဗုံးသီးတွေ မပေါက်ကွဲဘဲ ကျန်ရှိနေသေးတယ်။ လယ်ထွန်တဲ့အခါ မထင်မှတ်ဘဲ ထိပြီးပေါက်ကွဲမှာတွေကို စိုးရိမ်ရတယ်” ဟု ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ လယ်သမား ဦးမိုးနိုင်က ပြောသည်။ 

လယ်ယာစိုက်ပျိုးရေးမှာ ရခိုင်ပြည်၏ ပင်မစီးပွားရေးလုပ်ငန်းဖြစ်ပြီး ရခိုင်ကျေးလက်နေပြည်သူ ၇၀ ကျော်မှာ လယ်ယာစိုက်ပျိုးရေးဖြင့် အဓိကအသက်မွေးကြသည်။ 

ရခိုင်ပြည်တွင် လယ်ဧက စုစုပေါင်း ၁၂ သိန်းကျော်ရှိသည့်အထဲ ပြီးခဲ့သည့်နှစ်က လယ်ဧက ၉ သိန်းကျော်သာ စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း တောင်သူများမှာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရ၍ စိုက်ပျိုးဧက လျော့နည်းနိုင်ကြောင်း လယ်သမားအရေးလှုပ်ရှားသူများက ခန့်မှန်းထားကြသည်။ 

ဗီဒီယိုများ