စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မသွားလာကြရန် ကျိုက်ထို ဒေသခံများများကို KNLA သတိပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ဒေသခံများ ခရီးသွားရာတွင် စစ်ယာဉ်တန်း များနှင့် နီးကပ်စွာ မသွားလာကြရန် အထူး သတိပြုရမည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဇွန် ၂၆) တွင် အသိပေးလာသည်။

28 Jun 2022

DMG ၊ ဇွန် ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ ဒေသခံများ ခရီးသွားရာတွင် စစ်ယာဉ်တန်း များနှင့် နီးကပ်စွာ မသွားလာကြရန် အထူး သတိပြုရမည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့က ယမန်နေ့ (ဇွန် ၂၆) တွင် အသိပေးလာသည်။

ထိုသို့ အသိပေးရခြင်းမှာ စစ်ကောင်စီ တပ်များ လှုပ်ရှားသွားလာနေမှု အပေါ်ကန့်သတ်ရန်နှင့် နယ်မြေစိုးမိုးရေး တည်ဆောက်ခြင်း အရှိန် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNLA  ကဆိုသည်။

ထို့အတူ ဒေသခံများ အနေဖြင့် နံနက် (၆) နာရီမှ ည (၈) နာရီ အတွင်း၌ သွားလာကြရန်နှင့် စစ်ယာဉ်တန်းများ နှင့်နီးကပ်စွာ သွားလာခြင်းကို ရှောင်ရှားကြရန် တိုက်တွန်းကြောင်း KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။

“ အဓိက စစ်ကောင်စီ တပ်တွေ လှုပ်ရှားနေတာကို ကန့်သတ်ဖို့နဲ့ ကျနော်တို့က နယ်မြေစိုးမိုးဖို့ အတွက်အ ရှိန်မြင့် ဆောင်ရွက်မှာဖြစ်လို့ အခုလို သတိပေးစာ ထုတ်လိုက်တာပါ။ အခုတလော မိုင်းဆွဲတာတို့ ထိတွေ့ တိုက်ပွဲဖြစ်တာတွေက ကျိုက်ထိုမြို့ အနီးမှာ ပိုဖြစ်နေတာဆိုတော့ ဒေသခံတွေ အတွက်မ လိုလားအပ်တဲ့ အန္တရာယ်တွေကျမှာ စိုးတာလည်းပါတယ်။ စစ်ကားတန်းတွေရဲ့အနီးအနားကနေသွားလာတာကိုအထူး ရှောင်ရှားစေ လိုတယ် ” ဟု အဆိုပါ KNLA  ပူးပေါင်း တပ်ဖွဲ့ဝင်က ပြောသည်။

ထို့အပြင် ည (၈) နာရီနောက်ပိုင်း၌ အရေးပေါ် ကျန်းမာရေး အခြေအနေ အရ သွားလာရမည် ဖြစ်ပါက လူနာတင်ယာဉ်များ အနေဖြင့် မီးတန်းနှင့် အသံများဖွင့်လှစ် မောင်းနှင်ကြရန်၊ ဒေသခံများအနေဖြင့် အရေးပေါ် ကိစ္စမှလွဲပြီး အပြင်လုံးဝ မထွက်ကြရန် မေတ္တာရပ်ခံကြောင်းနှင့် မလိုက်နာပါက ဖြစ်ပေါ်လာမည့် ကိစ္စကို တာဝန်မယူကြောင်း KNLA ပူးပေါင်းအဖွဲ့က ဆိုသည်။

ဓာတ်ပုံ - CJ

ထိုသို့ သတိပေးမှုများကြောင့် ပဲခူးတိုင်းမှ မွန်ပြည်နယ်အဝင်ဖြစ်သည့် သိမ်ဇရပ်မြို့မှ ကျိုက်ထို လမ်းမ တလျှောက်တွင်စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အင်အားအများ အပြားချကာ စစ်ဆေးမှုများ ယခင်ထက်ပိုမို တင်းကြပ်ထားကြောင်းလည်း သိမ်ဇရပ်မြို့ ခံတစ်ဦးက ဆိုသည်။

“လမ်းမတလျှောက်မှာ ရဲတွေရော စစ်သားတွေကို အများကြီးတွေ့တယ်။ နောက်ပြီးတော့ လာသမျှ ကားတွေ ဆိုင်ကယ်တွေကို အကုန်ရပ်ခိုင်း ပြီး စစ်နေတာ။ ကျိုက်ထိုကို သွားတဲ့ အင်္ဂဘိုဘက်ဆိုတပ်တွေ အထိုင်ချထား တာတွေ့ခဲ့ ရတယ် ” ဟု သိမ်ဇရပ်မြို့ခံတစ်ဦးကဆိုသည်။

ထို့အပြင် ကျိုက်ထိုမြို့တွင်းနှင့် အဝင်အထွက်နေရာများ အပြင် ကျိုက်ထီးရိုးစေတီသို့ သွားသည့် လမ်းမနှင့် တောင်ခြေကျေးရွာတို့၌ တပ်မ (၄၄) လက်အောက်ခံ တပ်အင်အား တစ်ရာကျော်တို့ဖြင့် ကင်းလှ ည့် ဆောင်ရွက်မှုများ ရှိနေကြောင်း ကျိုက်ထိုမြို့ခံများထံကသိရသည်။

“သတိပေးလိုက်တာ ကြားလိုက်တယ်ထင်တယ်။ မြို့ထဲမှာ ဆိုရင်အရင်ထက်စစ်ကားတွေ ပိုလှည့်လာတယ်။ အရပ်ဝတ်တွေနဲ့ရော။ စစ်တပ်တွေကို ပိုတွေ့လာရတယ်။ ဘီးလင်းဘက်သွားတဲ့ ဘက်မှာရောပေါ့။နောက်ပြီး ကျိုက်ထီးရိုးဘုရားကို သွားတဲ့လမ်းမရယ် တောင်ခြေက ကင်းမွန်းချောင်းတို့ ဆောင်နိုင်ကြီးတို့ပေါ့။ အဲဒီမှာ စစ်တပ်က အယောက် တစ်ရာ ကျော်မယ်။ တပ်စွဲထားတယ် ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးကဆိုသည်။

ကေအန်ယူတပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဖြစ်သည့်ကျိုက်ထိုမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ဧပြီလ ဒုတိယ အပတ်မှ ယခုဇွန် လနောက်ဆုံး သီတင်းအပတ်အထိ စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းအဖွဲ့ တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ ထိတွေ့တိုက်ပွဲအကြိမ်ရေ (၅၀) ကျော်ဖြစ်ပွားမှု ရှိခဲ့သည်။

ဗီဒီယိုများ