ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

၃၆ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသတို့တွင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက လုပ်ဆောင်နေကြသည်။ 

By Admin 08 Aug 2024

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

DMG ၊ ဩဂုတ် ၈ 

စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးက ကဏ္ဍပေါင်းစုံမှ ဆက်လက်တိုက်ပွဲဝင်ရန် တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က ထုတ်ပြန်သည်။ 

ယနေ့ ဩဂုတ် ၈ ရက်တွင် ကျရောက်သည့် (၃၆) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် KNU က ထည့်သွင်းရေးထားခြင်းဖြစ်သည်။

၃၆ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး စသည့်ဒေသတို့တွင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက လုပ်ဆောင်နေကြသည်။ 

ဗိုလ်ချုပ်နေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်တပ်ကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ဆန္ဒပြခဲ့သော ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုကို ၁၉၈၈ ခုနှစ်တွင် စတင်ခဲ့ပြီး ယနေ့အခါ ၃၆ နှစ် ပြည့််ခဲ့ပြီ ဖြစ်သည်။ 

သို့သော်လည်း မြန်မာပြည်သူတစ်ရပ်လုံးမှာ ယခုအချိန်ထိ စစ်အာဏာရှင်လက်အောက်မှ မရုန်းထွက်နိုင်သေးဘဲ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြင့် တိုက်ပွဲဝင်နေရဆဲဖြစ်သည်။

“စစ်အာဏာရှင်စနစ်ကလွတ်မြောက်ဖို့ အာဏာရှင်တွေအမြစ်ပြတ်ဖို့ အရေးကြီးတယ်။ အာဏာရှင်တွေရှိနေသမျှ ပြည်သူတွေကလည်း ဆက်ပြီး တော်လှန်နေကြရအုံးမှာ။ တိုင်းပြည်လည်း မငြိမ်သက်မှုတွေနဲ့ အဘက်ဘက်က ဆုတ်ယုတ်နေမှာဖြစ်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် NLD အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် နိုင်ငံတဝန်းတွင် အာဏာသိမ်းဆန့်ကျင်မှု လူထုလှုပ်ရှားမှုများနှင့် လက်နက်ကိုင်တော်လှန်မှုများ ဖြစ်ပွားနေသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်သော ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်(၃) ဖွဲ့ ဦးနှင့် ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသည် တပ်စခန်းအများအပြားနှင့် မြို့ပေါင်း ၇၀ ကျော်ထိ လက်လွှတ်ဆုံးရှုံးထားရသည်။  

တော်လှန်ရေးရေရှိန် အမြင့်ဆုံးအချိန်ဖြစ်၍ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ပြည်သူလူထုနှင့် တော်လှန်ရေးအဖွဲ့အားလုံး ဟန်ချက်ညီစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ၈၈ ကျောင်းသားဟောင်းတစ်ဦးက ပြောသည်။ 

“နိုင်ငံရေး၊ တော်လှန်ရေး အသိသတိ အမြဲတမ်းရှိနေဖို့လိုတယ်။ နောက်တစ်ခုက ပြည်တွင်း၊ ပြည်ပ ချိတ်ဆက်မှု၊ တော်လှန်ရေးအဖွဲ့တွေအချင်းချင်း လက်တွဲလုပ်ဆောင်ဖို့လိုတယ်။ ဒါတွေကိုလုပ်နိုင်မှ စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ယုံကြည်တယ်” ဟု သူက ပြောသည်။ 

စစ်အုပ်စုသည် ယခင်တစ်ပါတီအာဏာရှင်နှင့် စစ်အာဏာရှင်စနစ်ကို ဆက်ခံကာ ၎င်းတို့မှားယွင်းခဲ့သည့်လမ်းကို တစိုက်တမတ်မတ် ဆက်လျှောက်နေ၍ မြန်မာနိုင်ငံသည် ကျဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့ပြီဟု KNU က ဆိုသည်။ 

ရှစ်လေးလုံးအရေးတော်ပုံ ကာလတလျှောက် အသက်၊ ချွေး၊ သွေးနှင့် ဘဝပေါင်းများစွာကို ရင်းနှီး၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသား၊ ပြည်သူများအားလုံးကို ဦးညွတ်ဂုဏ်ပြုကြောင်း  ထုတ်ပြန်ချက်တွင် ပြောထားသည်။