လေကြောင်းပစ်ခတ်မှုများကြောင့် မောင်တောစစ်ရှောင်များ ရွှေ့ပြောင်းသွားလာနေရ

တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်မှုရှိနေသဖြင့် စစ်ဘေးရှာင်များမှာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းသွားလာနေရကြောင်း သိရသည်။

By Admin 22 Oct 2024

နေရပ်စွန့်ခွာ မောင်တောဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Pann Kyaw Duu)
နေရပ်စွန့်ခွာ မောင်တောဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - Pann Kyaw Duu)

DMG ၊ အောက်တိုဘာ ၂၂

တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်မှုရှိနေသဖြင့် စစ်ဘေးရှာင်များမှာ နေရာအတည်တကျမရှိဘဲ ရွှေ့ပြောင်းသွားလာနေရကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း ခန့်မှန်းခြေ စစ်ဘေးရှောင် သိန်းနှင့်ချီရှိပြီး ယင်းစစ်ဘေးရှောင်များ နေထိုင်သည့် ကျေးရွာများကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ နေဗီတို့ဖြင့် တိုက်ခိုက်မှုပြုလုပ်နေ၍ ဒေသခံများ သေဆုံးဒဏ်ရာရသူများလည်း ရှိနေသည်။

ဒေသခံ စစ်ဘေးရှောင်တစ်ဦးက " ဒီဘက် စစ်ဘေးရှောင်တွေက ကျေးရွာတွေမှာ နေကြတယ်။ ဒါပေမဲ့ စစ်ကောင်စီက စစ်ဘေးရှောင်တွေနေတဲ့ ကျေးရွာတွေကိုပဲ ဦးတည်တိုက်ခိုက်နေတော့ နေရာက မတည်မြဲဘူး။ ပြောင်းရွှေ့နေရတယ်။ တစ်ရွာပြီးတစ်ရွာ ပြောင်းနေရတော့ အခက်အခဲများစွာရှိနေကြတယ်" ဟု ပြောသည်။

ယမန်နေ့ ၊ အောက်တိုဘာ ၂၁ ရက်က စစ်ဘေးရှောင်များနေထိုင်ရာ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲခဲ့မှုကြောင့် စစ်ဘေးရှောင်အပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ယင်းသို့ ဖြစ်ရပ်များကြောင့် စစ်ဘေးရှောင်များမှာ နေရာအတည်တကျ မနေရဲတော့ဘဲ ပြောင်းရွှေ့နေရခြင်းဖြစ်သည်။ စစ်ကောင်စီအနေဖြင့် အရပ်သားများ၊ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရာ ကျေးရွာများအား တိုက်ခိုက်နေခြင်းကို ရပ်တန့်စေလိုကြောင်း စစ်ဘေးရှောင်များက ပြောသည်။

" အခုလိုမျိုး တိုက်ခိုက်ခံနေရတော့ နေရာပြောင်းနေရတာတွေနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွေမှာ အခက်အခဲဖြစ်တာကို တွေ့ရတယ်။ သူတို့( စစ်ကောင်စီ)ကလည်း တိုက်ပွဲဖြစ်တဲ့ နေရာတွေအပြင် အရပ်သားတွေ နေထိုင်တဲ့နေရာကို ပိုပြီးပစ်မှတ်ထားလာတယ် " ဟု မောင်တော စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်တောဒေသတွင် စစ်ဘေးရှောင်လူဦးရေများပြားမှုကြောင့် စားနပ်က္ခာအပြင်၊ လုံခြုံရေးစသည့် လိုအပ်ချက်များစွာရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်များအနေဖြင့် ကူညီထောက်ပံ့မှုပေးစေလိုကြောင်း စစ်ဘေးရှောင်များက တောင်းဆိုကြသည်။

ယင်းအပြင် အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ်အတွင်း မိုးရွာသည်းထန်စွာ ရွာသွန်းမှုများရှိခဲ့ပြီး နေရာရွှေ့ပြောင်း စစ်ဘေးရှောင်များမှာ ပိုပြီးအခက်အခဲဖြစ်နေရကြောင်း ပြောဆိုကြသည်။

လက်ရှိတွင် နယ်စပ်ဒေသ မောင်တောမြို့ကို အလုံးစုံးသိမ်းပိုက်နိုင်ရေးအတွက် နခခ(၅) ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ခုခံနေကြောင်း သိရသည်။