မောင်တောက အရပ်သားများအား ကာကွယ်ပေးရန် AA ကို မြန်မာနိုင်ငံအထူးအကြံပေးကောင်စီ တိုက်တွန်း

SAC-M အနေဖြင့် ရခိုင်ပြည်မြောက်ပိုင်းရှိ အရပ်သားများအပေါ် လတ်တလော ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မည်သူ့တွင်တာဝန်ရှိသည်ကိုတော့ မဆုံးဖြတ်နိုင်သေးကြောင်း ပြောသည်။ 

By Admin 20 Aug 2024

တိုက်ပွဲအတွင်းပိတ်မိနေသော မောင်တောဒေသခံများအား AA က ကယ်ထုတ်နေစဉ်။ 
တိုက်ပွဲအတွင်းပိတ်မိနေသော မောင်တောဒေသခံများအား AA က ကယ်ထုတ်နေစဉ်။ 

DMG ၊ ဩဂုတ် ၂၀ 

အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်ပြည်၊ မြောက်ပိုင်းက အရပ်သားများအား အကာအကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဩဂုတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအောက်တွင် တာဝန်ဝတ္တရားများအား လိုက်နာထိန်း သိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း SAC-M ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ULA/AA သည် ရခိုင်ပြည်မြောက်ပိုင်းတွင် လက်တွေ့အုပ်ချုပ်နေသည့်အဖွဲ့ဖြစ်ပြီး ပဋိပက္ခအတွင်းလည်း ပါဝင်နေသည့်အတွက် နိုင်ငံတကာဥပဒေအောက်ရှိ  အဓိကတာဝန်ဝတ္တရားအရ အရပ်သားအားလုံးကို အချိန်တိုင်း အကာအကွယ်ပေးရန် တောင်းဆိုရခြင်းဟု SCA-M  က ဆိုသည်။ 

မောင်တောတွင် စစ်ကောင်စီနှင့် AA နှစ်ဘက်တိုက်ပွဲများကြောင့် နတ်မြစ်ကိုဖြတ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသည့် မွတ်ဆလင်များ အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်စဉ်အတွင်း AA တွင် တာဝန်ရှိကြောင်း စွပ်စွဲမှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိတို့နှင့် သက်ဆိုင်မှုမရှိကြောင်း AA က ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ထားသည်။ 

SAC-M အနေဖြင့် ရခိုင်ပြည်မြောက်ပိုင်းရှိ အရပ်သားများအပေါ် လတ်တလော ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် မည်သူ့တွင်တာဝန်ရှိသည်ကိုတော့ မဆုံးဖြတ်နိုင်သေးကြောင်း ဆိုသည်။ 

ယင်းအပြင် မွတ်ဆလင်နှင့် အခြားအရပ်သားများအပေါ် ပြုမူဆက်ဆံမှုများကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု လိုအပ်ပြီး ယင်းအဖွဲ့ကို AA က အထောက်အကူပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးဖေသန်းက “စွပ်စွဲချက်တွေအပေါ်မှာ မူတည်ပြီးတော့ အခုလို ထုတ်ပြန်တာ မသင့်တော်ဘူးလို့ယူဆတယ်။ တကယ်ဆိုရင် ကြေညာချက်ထုတ်တာထက် မွတ်ဆလင်တွေကို စောင့်ရှောက်ပေးဖို့ ULA/ AA ကို တိုက်ရိုက်ပြောတာက ပိုကောင်းမယ်” ဟု ပြောသည်။ 

အခြားတစ်ဖက်တွင်းလည်း ULA/AA သည် လက်ရှိအချိန်တွင် မြန်မာစစ်တပ်ကို ဖယ်ရှားပြီး ဒေသတွင်း အုပ်ချုပ်ရေး အာဏာပိုင်ဖြစ်လာမှုကို ကျေနပ်အားရကြောင်း SAC-M က ပြောသည်။

မောင်တောမြို့တွင်းတိုက်ပွဲများတွင် AA အပြင် စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက် ကိုင် ARSA၊ RSO စသည့် အကြမ်းဖက်အဖွဲ့များပါဝင်နေပြီး မြေပြင်အခြေအနေ ရှုပ်ထွေးမှုရှိကြောင်း ဒေသခံများက ပြောသည်။

“မောင်တောဖြစ်စဉ်တွေကို AA ဘက်ကလည်း ဖြေရှင်းထားပြီးသား။ အဲဒါကြောင့် နိုင်ငံတကာအဖွဲ့တွေအနေနဲ့ AA တစ်ဖွဲ့တည်းကို ဖိအားပေးတာမဟုတ်ဘဲ ARSO တို့လို မွတ်ဆလင်လက်နက်ကိုင်တို့ စစ်ကောင်စီတို့ကိုလည်း ဖိအားပေးသင့်တယ်။ မြေပြင်အခြေနေ ရှုပ်ထွေးမှုတွေကို လိုက်လျောညီထွေစွာ ဆုံးဖြတ်ဖို့ အရေးကြီးတယ် ” ဟု မောင်တောမှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
 
လက်ရှိတွင် အာရက္ခတပ်တော်သည် စစ်ကောင်စီနှင့် အပေါင်းအပါ မွတ်ဆလင်များက လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသည့် မောင်တောမြို့ပေါ်နှင့် အနီးအနားကျေးရွာများက ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ စသည့်ဒေသခံ ၂၀,၀၀၀ ကျော်ကို ကယ်ထုတ်ထားသည်။