ရခိုင်တွင် ကလေးသူငယ်များ အာဟာရဓာတ်ချို့တဲ့လာ

စစ်ဘေးဒဏ်သင့် ကလေးသူငယ်များမှာ ဖွံ့ဖြိုးဆဲအရွယ်တွင် အစာအာဟာရများကို လုံလောက်စွာ မစားသုံးရသဖြင့် အာဟာရချို့တဲ့မှု လက္ခဏာများ တွေ့လာရကြောင်း အုပ်ထိန်းသူများ၏ ပြောကြားချက်အရ သိရသည်။ 

By Admin 31 Jul 2024

ရခိုင်တွင် ကလေးသူငယ်များ အာဟာရဓာတ်ချို့တဲ့လာ

DMG ၊ ဇူလိုင် ၃၁

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် နေရပ်စွန့်ခွာထွက်ပြေးသူဦးရေ မြင့်တက်လာပြီး အလုပ်အကိုင်ရှားပါးမှုနှင့်အတူ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ဆိုးရွားစွာကြုံတွေ့နေရသည်။ 

စစ်ဘေးဒဏ်သင့် ကလေးသူငယ်များမှာ ဖွံ့ဖြိုးဆဲအရွယ်တွင် အစာအာဟာရများကို လုံလောက်စွာ မစားသုံးရသဖြင့် အာဟာရချို့တဲ့မှု လက္ခဏာများ တွေ့လာရကြောင်း အုပ်ထိန်းသူများ၏ ပြောကြားချက်အရ သိရသည်။ 

“ဆန်ရှိလို့ ထမင်းတော့ မငတ်သေးဘူး။ ဒါပေမယ့် ပိုက်ဆံမရှိတော့ အသား၊ ငါးတွေ မစားရဘူး။ တစ်တခါတစ်လေ ဟင်းတောင် ဝယ်မစားနိုင်ဘူး။ ကလေးတွေကိုလည်း မုန့်ပဲသရေစာတွေ မကျွေးနိုင်ဘူး” ဟု ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ်တွင် စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်နေသူဦးရေ ထောင်နှင့်ချီရှိသည်။ 

၎င်းတို့အထဲမှ ကလေးငယ်အများအပြားမှာ ထမင်းကို အသား၊ ငါးများဖြင့် မစားရသည့်အပြင် ဖြည့်စွက်အာဟာရ မုန့်ပဲသရေစာများလည်း မစားသောက်ရ၍ အာဟာရဓာတ်ချို့တဲ့မှုကို ခံစားနေကြရသည်။ 
ကလေးငယ်များမှာ မောပန်းလွယ်ခြင်း၊ ပိန်လွန်းခြင်း၊ တစ်နေ့ထက်တစ်နေ့ အစားအသောက်နည်းလာခြင်း တို့ကို ခံစားနေရကြောင်း အုပ်ထိန်းသူများ ပြောပြချက်အရ သိရသည်။ 

“အိမ်က ကလေးတွေ ပိန်ပြီး မျက်နှာတွေ ဖြူဖတ်ဖတ်ဖြစ်နေပြီ။ အာဟာရချို့တဲ့နေတာ။ စားချင်တာကို မစားရဘူး။ အလုပ်လုပ်ဖို့လည်း ဘာအလုပ်မှ မရှိဘူး” ပေါက်တောမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်ဒေသစီးပွားရေးမှာ အကျဖက်သို့ဦးတည်လာပြီး ဆင်းရဲမွဲတေမှုနှုန်းမြင့်တက်လာသည်။ စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုကြောင့်လည်း ရခိုင်ဒေသခံများမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ငွေသားရှားပါးမှု ပြဿနာများကို ကြုံနေကြရသည်။ 

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုနှုန်း ပိုမိုဆိုးရွားလာပြီး လက်ရှိ စီးပွားရေးအခြေနေမှာ ပြီးခဲ့သည့် ခြောက်နှစ်ကထက် ပိုမိုဆိုးရွားလာခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။  စစ်ရေးပဋိပက္ခအတွင်း လူဦးရေ ၃ သန်းကျော် နေရပ်စွန့်ခွာနေရပြီး ဆင်းရဲမွဲတေမှုနှုန်း ၃၂ ဒသမ ၁ ရာခိုင်နှုန်းအထိ ရှိလာကြောင်း ဆိုထားသည်။