မောင်တောမြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်လာ 

မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးပြီဖြစ်၍ မြို့ပေါ်ရှိတပ်စခန်းများကို ဇွန်လ ၁၆ ရက်မှစ၍ AA က တိုက်ခိုက်နေခြင်းဖြစ်သည်။

By Admin 06 Jul 2024

မောင်တောမြို့နယ်၊ အင်းဒင် နခခ(၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။
မောင်တောမြို့နယ်၊ အင်းဒင် နခခ(၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။

DMG ၊ ဇူလိုင် ၆

ရခိုင်ပြည်၊ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ရက်ပေါင်း ၂၀ ခန့်ထိကြာမြင့်လာပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲ ဖြစ်သည်။ 

မောင်တောမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးပြီဖြစ်၍ မြို့ပေါ်ရှိတပ်စခန်းများကို ဇွန်လ ၁၆ ရက်မှစ၍ AA က တိုက်ခိုက်နေခြင်းဖြစ်သည်။ 

လက်ရှိတွင် AA တပ်ဖွဲ့ဝင်များသည် မောင်တောမြို့သို့ ထိုးဖောက်ဝင်ရောက်ပြီး မြို့သူကြီး နခခ(၅) နှင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

“မြို့သူကြီးက မပြတ်သေးပေမယ့် စစ်ကောင်စီဖက်ကမလှုပ်နိုင်အောင် ဝိုင်းထားတာ။ မြို့ထဲမှာနေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို တစ်ဆင့်ချင်းရှင်းထုတ်နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

AA ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်သင်တန်းဆင်းမွတ်ဆလင်များ ထွက်ပြေးသူ၊ လက်နက်ချသူများ ရှိနေသည်။ 

စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်း၊ ရေကြောင်း ပစ်ကူအကူအညီဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

“ဂျက်နဲ့ နေ့တိုင်းလာပစ်တာရှိတယ်။ နောက် ပင်လယ်ပြင်မှာရှိတဲ့ နေဗီကလည်း လှမ်းပစ်ပေးတယ်။ မြေပြင်မှာက အေအေက အားလုံးကိုပိတ်ဆို့ထားတော့ သူတို့ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေဖြစ်နေပြီ။ စစ်ကောင်စီက သေမထူးနေမထူးဖြစ်နေပြီလို့ ပြောရမယ်” ဟု စစ်ရေးအခြေအနေသိ မောင်တောဒေသခံတစ်ဦးက ပြောသည်။ 

တိုက်ပွဲ ၇ လကျော်အတွင်း ရခိုင်မြောက်ပိုင်းက မြို့နယ်အများအပြားကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ရခိုင်တောင်ပိုင်းမြို့နယ်များကို သိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ဗီဒီယိုများ